ဖလစ်ရင်း တော်လှန်ရေးရန်ပုံငွေရှာဖွေနေကြတဲ့ လူငယ်တွေ(ဆောင်းပါး)

ဖလစ်ရင်း တော်လှန်ရေးရန်ပုံငွေရှာဖွေနေကြတဲ့ လူငယ်တွေ(ဆောင်းပါး)

ဒီဇင်ဘာလ ၂၀ ရက်

“ဖလစ်မလား။ စကားပြောမလား”လို့ အသံချိုချိုနဲ့ ဆယ်ကျော်သက်အရွယ် ကောင်မလေးတစ်ယောက်က သူတို့ရဲ့ “ဖလစ်ရင်းလှူ”(Flirt Yinn Hluu)ဆိုတဲ့အဖွဲ့ကို လှူဒါန်းတဲ့ အမျိုးသားတစ်ဦးကို စတင်မေးမြန်းပါတယ်။

“ဖလစ်” တယ်ဆိုတာကတော့ “Flirt” ဆိုတဲ့စကားက ဆင်းသက်လာတာဖြစ်ပြီး တော့မြန်မာလိုပြန်ရင် အဓိပ္ပာယ်များစွာရှိတဲ့ စကားဖြစ်ပါတယ်။ တိုတိုနဲ့ ရှင်းရှင်း ပြောရမယ် ဆိုရင်တော့ ပရောပရည် လုပ်တယ်လို့ ဆိုနိုင်ပါတယ်။

“ဖလစ်ရင်းလှူ” ဆိုတဲ့အဖွဲ့ကတော့ သူတို့ရဲ့ပေ့ဂျ်မှာ တော်လှန်ရေးအတွက် မြန်မာကျပ် ငွေတစ်ထောင် လှူဒါန်းပါက တစ်နာရီ စကားပြောပေးတဲ့ အစီအစဉ် ဖြစ်ပါတယ်။ ဒီလိုပြောတဲ့အချိန်မှာ သမီးရည်းစား တွေလို စကားပြောတာ၊ ရင်ဖွင့်တာ၊ ဆွေးနွေးတိုင်ပင်တာ ၊ အကြံအဉာဏ် တောင်းတာတွေကို ပြုလုပ်နိုင်မှာပါ။ ဒီအစီစဉ်မှာ အမျိုးသားရောအမျိုးသမီးပါ ပါဝင်နိုင်ကြတာဖြစ်ပါတယ်။

“လာပြီးတော့ ဖလစ်တဲ့သူတွေနဲ့ စကားကို အလိုက်အထိုက်ပြောပေးရတာပဲ။ အဲဒီဟာကြီးကလည်း ရှက်စရာတော့ မဟုတ်ပါဘူး။” လို့ ဖလစ်ရင်းလှူအဖွဲ့တွင်ပါဝင်သည့် အမျိုးသမီး ငယ်တစ်ဦး ကပြောပြပါတယ်။

“ဖလစ်ရင်းလှူ” အစီစဉ်ကို ၂၀၂၂ခုနှစ်ဩဂတ်လက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်လိုတဲ့ လူငယ်တွေက စတင်ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်လူငယ်တွေနဲ့ အသက်၂၅နှစ်အရွယ် လူငယ်များပါဝင်နေပြီးအမျိုးသားအမျိုးသမီး ပုံမှန်အဖွဲ့ဝင်စုစုပေါင်း ခုနစ်ဦး ရှိနေပါတယ်။

“အလွှာအသီးသီးကပါတယ်။ သူငယ်ချင်းတွေလည်းပါတယ်။ လိုင်းပေါ်မှာခင်ပြီးတော့မှ စိတ်ဓာတ်တူကြတော့ ဝင်ပြီးတော့ ကူညီပေးတဲ့သူတွေလည်းရှိပါတယ်” လို့အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုဂရန့်က ဆိုပါတယ်။

၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုကို လက်မခံဘဲဆန္ဒပြခဲ့တဲ့ လူငယ်တွေကို စစ်တပ်က သတ်ဖြတ်မှုတွေပြုလုပ်တာကြောင့် လူငယ်တွေဟာ လက်နက်ကိုင်တော်လှန်ရေးကိုရွေးချယ်ခဲ့ကြရပါတယ်။

တစ်နှစ်ကျော်ကာလအတွင်း ပြည်သူတွေဦးဆောင်တဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ နိုင်ငံအနှံ့ပြားမှာ အပြိုင်းအရိုင်း ပေါ်ပေါက်လာခဲ့ကြတာပါ။ ဒီလိုလက်နက်ကိုင်တော်လှန်ရေးရှိနေတဲ့ တပ်အသီးသီးအတွက် လက်နက်၊ ရိက္ခာ၊ ဆေးဝါးစတာတွေအတွက် ရန်ပုံငွေလိုအပ်ချက်ဟာနေ့စဉ်ရှိနေပါတယ်။

ဒါကြောင့်မို့ လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ခြင်းမပြုနိုင်တဲ့သူတွေ အပါအဝင် ဒီမိုကရေစီ လိုလားသူတွေဟာ ရန်ပုံငွေ လိုအပ်ချက်တွေအတွက် ဘက်ပေါင်းစုံကနေ နည်းလမ်းမျိုးစုံနဲ့ရှာဖွေနေကြတာပါ။ နည်းပညာ၊ အနုပညာများအပါအဝင် လက်မှုပညာများဖြင့်ပါ ရှာဖွေနေကြရတာဖြစ်ပါတယ်။

“ဖလစ်”တယ်ဆိုတာကတော့ ထူးခြားတဲ့ ရန်ပုံငွေ ရှာဖွေမှုတစ်ခု လို့ဆိုနိုင်မှာပါ။ ကိုယ်မသိတဲ့ အမျိုးသားတစ်ယောက်(သို့မဟုတ်) အမျိုးသမီးတစ်ယောက်ကို စကားတွေပြော စိတ်ခံစားချက်တွေပေးပြီးတော့ ဝန်ဆောင်မှုပေးရတဲ့ကိစ္စမျိုးဖြစ်ပါတယ်။

ဒီလိုဝန်ဆောင်မှုပေးပြီး “ဖလစ်ရင်းလှူ” ဆိုတဲ့ လူမှုကွန်ရက်စာမျက်နှာက လူငယ်တွေဟာ နေ့စဉ်နံနက် ၁၀နာရီကနေ ည ၁၀နာရီအထိ အချိန်ပေးပြီး ရန်ပုံငွေတွေရှာဖွေလာကြတာ အခုဆိုရင် လေးလ နီးပါးရှိနေပါပြီ။ ဖလစ်တဲ့ အစီအစဉ်အပြင် ရန်ပုံငွေအတွက် မဲရောင်းတာ၊ အမှတ်တရလက်ဆောင် ပစ္စည်းလေးတွေ ရောင်းတာကိုလည်း သူတို့လုပ်ကြပါတယ်။

သူတို့ရဲ့”ဖလစ်” တယ်ဆိုတဲ့အစီအစဉ်လေးကို လူငယ်တွေက အများဆုံးစိတ်ဝင်စားကြသော်လည်း များသောအားဖြင့် စကားပြောဖြစ်တာများတယ်လို့ အဖွဲ့ဝင်အမျိုးသမီးငယ်တစ်ဦးက ဆိုပါတယ်။

“ကိုးယောက်မှာ ရှစ်ယောက်လောက်က ရိုးရိုးတန်းတန်းစကားပြောပြီးတော့ အကြံဉာဏ်တွေ တောင်းကြတာပိုများပါတယ်” သူကဆိုပါတယ်။

လူသိပ်မသိသေးတဲ့ သူတို့အဖွဲ့လေးဟာ လေးလအတွင်းမှာ အလှူငွေတွေတဖြည်းဖြည်း တိုးတိုးပြီးရရှိလာခဲ့တယ်လို့သိရပါတယ်။ အဖွဲ့စတင်တည်ထောင်ခဲ့သည့်လက ကျပ်ငွေ တစ်သိန်းကျော်ကျော်သာရခဲ့ပြီးတော့ ၁၂လပိုင်းမှာ ခြောက်သိန်းကျော်အထိရရှိခဲ့ပါတယ်။

လက်ရှိအချိန်ထိ စုစုပေါင်း ၁၃သိန်းကျော်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ မြေအောက်တော် လှန်ရေးအဖွဲ့ တွေနဲ့ လွတ်မြောက်နယ်မြေအချို့ကို လှူဒါန်းခဲ့ကြပြီး ဖြစ်တယ်လို့သိရပါတယ်။

“ကျနော်တို့က လူငယ်တွေပါ ကျနော်တို့မှာအနာဂတ်ရှိတယ်လို့ “ ကြွေးကြော်ပြီး လမ်းပေါ်မထွက်ပြီး စစ်အာဏာရှင်ကိုဆန့်ကျင်ခဲ့ကြတဲ့ လူငယ်မျိုးဆက်ဂျန်ဇီတွေဟာ စစ်အာဏာရှင်စနစ်ကျရှုံးရေးအတွက် ပုံစံမျိုးစုံနဲ့ဆက်လက်ပြုလုပ်ကြဆဲပါ။

“ကျနော်တို့က လုပ်သင့်တာကိုလုပ်နေတဲ့ အဖွဲ့အစည်းလေးပါပဲ အဖွဲ့ထဲကလူတွေကလည်းလုပ်သင့်တာကို ဆက်လုပ်နေကြပါတယ်။” လို့ ကိုဂရန့်ကပြောပါတယ်။

သူစိမ်းတွေရဲ့ ခံစားချက်တွေကို အချိန်ပေးနားထောင်ရင်း တစ်နာရီကို မြန်မာကျပ်ငွေ တစ်ထောင်ရှာဖွေပေး နေတဲ့ “ဖလစ်ရင်းလှူ” ဆိုတဲ့ အဖွဲ့လေးဟာ တော်လှန်ရေးမပြီးမချင်း ရန်ပုံငွေတွေကို ဆက်လက် ရှာဖွေသွားကြဦးမှာပါ။

ဖလစ်ရင်းလှူဆိုတာ ……..

“သင်တို့လို ပါတနာမရှိတဲ့ လူတွေအတွက် တီတီတာတာပြောရင်းနဲ့ တလရ အတွက် လှူနိုင်မဲ့ နေရာတစ်ခု” ပါတဲ့ ။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly