ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်များကို WFP က ရက်ပိုင်းအတွင်း ရိက္ခာပြန်လည်ထောက်ပံ့သွားမည်

ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်များကို WFP က ရက်ပိုင်းအတွင်း ရိက္ခာပြန်လည်ထောက်ပံ့သွားမည်

ဒီဇင်ဘာလ ၂၀ ရက်

ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်များကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)အနေဖြင့် အခုရက်ပိုင်းအတွင်း ရိက္ခာပြန်လည်ထောက်ပံ့သွားမည်ဖြစ်သည်ဟု သိရသည်။

စစ်ဘေးရှောင်များကို အဓိက ကူညီထောက်ပံ့ပေးနေသည့် WFP အနေဖြင့် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းမှ စတင်ကာ လမ်းခရီးအဆင်မပြေမှုများကြောင့် ရိက္ခာထောက်ပံ့ပေးခြင်းကို ရပ်တန့်ထားခြင်းဖြစ်ကာ လက်ရှိတွင် ပြန်လည်ထောက်ပံ့ပေးသွားမည်ဟု WFP ၏ လက်ရှိ ဌာနေကိုယ်စားလှယ် Mr. Paolo Mattei က ပြောသည်။

“ စက်တင်ဘာ လလယ်ကတည်းက WFP အထောက်အပံံ့တွေကို မရရှိခဲ့ကြရတဲ့ ကျွန်တော်တို့ရဲ့ အကျိုးခံစားခွင့်ရှိသူတွေ ရခိုင်ပြည်နယ် အလယ်ပိုင်းနဲ့ မြောက်ပိုင်းမှာ ရှိပါတယ်။ မကြာသေးခင်က ကြေညာလိုက်တဲ့ အပစ်အခတ်ရပ်စဲရေးကြောင့် သူတို့ဆီ စားနပ်ရိက္ခာနဲ့ အခြားအသက်ကယ်ဆယ်ရေး အကူညီတွေ ပြန်လည်ပေးအပ်နိုင်ခွင့် ရရှိလိမ့်မယ်လို့မျှော်လင့်ထားပါတယ် ” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်များကို ၂၀၁၉ခုနှစ်မှ စတင်ကာ လူမှုဝန်ထမ်း ကယ်ဆယ်‌ရေးနှင့် ပြန်လည်‌နေရာချထားရေးဝန်ကြီးဌာနက လူတစ်ဦး တစ်နေ့လျှင် ဆန် သုံးပြည် ခြောက်လုံးနှင့် ငွေကျပ် ၁၅,၀၀၀ စီ ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်သည်။

လူကယ်ပြန်နှင့် WFP တို့မှာ ၂၀၂၂ခုနှစ် ဇူလိုင်လမှ စတင်ကာ ထောက်ပံ့ကြေးပေးခြင်းကို ရပ်တန့်ခဲ့သည်ဟု စစ်ဘေးရှောင်များက ဆိုသည်။

WFP အနေဖြင့် ရခိုင်ပြည်နယ် အလယ်ပိုင်းရှိ မြို့နယ် ငါးခုမှ လူဦးရေပေါင်း ၃,၅၀၀ခန့်နှင့် မြောက်ပိုင်းရှိ လူဦးရေပေါင်း ၉၅,၀၀၀ ခန့်အတွက် စားနပ်ရိက္ခာများကို ယခုရက်ပိုင်းအတွင်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် အကူညီလိုအပ်နေသည့် လူဦးရေ ၃၅၀,၀၀၀ ကျော်အထိ ကူညီပေးရန် မျှော်မှန်းထားကြောင်းလည်း Mr. Paolo Mattei က ဆက်ပြောသည်။

“လက်ရှိအခြေအနေမှာ WFP အနေနဲ့ ဒီဇင်ဘာလအတွက် စားနပ်ရိက္ခာနဲ့ အာဟာရအထောက်အပံ့တွေကို ရခိုင်ပြည်နယ်အတွင်း ဒေသအတော်များများမှာ ဖြန့်ဝေနေတာရှိပါတယ်။ အကူညီလိုအပ်နေတဲ့ လူဦးရေပေါင်း ၃၅၀,၀၀၀ လောက်အထိကို ကူညီပေးနိုင်ဖို့ ရည်မှန်းထားပါတယ် ”ဟု ၎င်းက ဆိုသည်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) အနေဖြင့် အကူညီလိုအပ်နေသည့် လူများထံသို့ စားနပ်ရိက္ခာအထောက်အပံ့များ ပေးပို့ကူညီနိုင်ရန်အတွက် ရခိုင်ပြည်နယ် အလယ်ပိုင်းနှင့် မြောက်ပိုင်းမှာရှိသည့် WFP ဝန်ထမ်းများအနေဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းမှုများ ရှိနေသည်ဟုလည်း WFP ကပြောသည်။

စစ်ဘေးရှောင်များအနေဖြင့် ထောက်ပံ့ကြေးမရတော့သည့်အတွက် အခက်အခဲများ ပိုမိုရှိနေခြင်းဖြစ်ကာ အထောက်အပံံ့ ပြန်လည်းပေးစေချင်ကြောင်း ဘူးသီးတောင်မြို့နယ် လမ်းမကျောင်း စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

“ကျမတို့က WFP နဲ့ လူကယ်ပြန်ကို အဓိက အားထားနေရတာပါ။ အရင်ကဆိုရင် ပုံမှန်ထောက်ပံ့ပေးနေတော့ နည်းနည်းပါးပါးသက်သာတာပေါ့။ အလုပ်လုပ်လို့ ပိုက်ဆံ ၂,၀၀၀ ရရင် ဆေးဖိုးဖြစ်ဖြစ် စုထားလို့ရတယ်။ သူ့ဆီက ပေးတဲ့ဆန်တွေ ၊ရိက္ခာတွေနဲ့ စားမယ်ပေါ့။ အခုက ထောက်ပံ့ကြေးမရတော့ ကျမတို့ လုပ်အားခက အကုန်ဝယ်ဖို့ကကျတော့ အဆင်မပြေဘူးလေ။ ပြန်ပြီး ထောက်ပံ့ပေးစေချင်ပါတယ် ” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် AA တို့၏ တိုက်ပွဲများကြောင့် နေရပ်မပြန်နိုင်သည့် စစ်ဘေးရှောင်ဦးရေ ၉၀,၀၀၀ ကျော်အထိ ရှိနေခြင်းလည်း ဖြစ်သည်။

တစ်ဖက်တွင်လည်း စစ်ကောင်စီအနေဖြင့် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များကို နေရပ်ပြန်ရန် ဖိအားပေးခြင်းများရှိနေပြီး ထောက်ပံ့ကြေးများကိုလည်း ဖြတ်တောက်ထားခြင်း ဖြစ်သည်။

ယခုကိစ္စနှင့် ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းအား မဇ္ဈိမက ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#ရခိုင်ပြည်နယ်

#စစ်ဘေးရှောင်

#ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly