အိန္ဒိယကုန်သည်များအဖွဲ့က တရုတ်ကုန်ပစ္စည်းများကို သပိတ်မှောက်ရန်နှင့် ထုတ်ကုန်များတွင် နိုင်ငံအမည်ဖော်ပြရန် အစိုးရကို တိုက်တွန်း

အိန္ဒိယကုန်သည်များအဖွဲ့က တရုတ်ကုန်ပစ္စည်းများကို သပိတ်မှောက်ရန်နှင့် ထုတ်ကုန်များတွင် နိုင်ငံအမည်ဖော်ပြရန် အစိုးရကို တိုက်တွန်း

အိန္ဒိယကုန်သွယ်ရေးနှင့် စက်မှုလက်မှုကုန်သည်ကြီးများအသင်း (CTI) က သွင်းကုန်များနှင့် အွန်လိုင်း ကူးသန်းရောင်းဝယ်ရေးမူဝါဒကို အပြောင်းအလဲလုပ်ရန်နှင့် ထုတ်ကုန်တိုင်းပေါ်၌ ထုတ်လုပ်သည့် နိုင်ငံအမည်ကို မဖြစ်မနေရေးသားဖော်ပြရန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ပီရူရှ်ဂိုယယ်ကို တိုက်တွန်း လိုက်သည်။

အိန္ဒိယ-တရုတ်တပ်ဖွဲ့များ တာဝမ်ပဋိပက္ခဖြစ်နေချိန်၌ အိန္ဒိယာကုန်သည်များက တရုတ်ထုတ်ကုန်များကို သပိတ်မှောက်ထားချိန်တွင် ကုန်သည်ကြီးများအဖွဲ့က ယခုကဲ့သို့ တောင်းဆိုလာခြင်းဖြစ်သည်။

Connaught Placeကုန်တိုက်တွင် တရုတ်ကုန်ပစ္စည်းများကို သပိတ်မှောက်သည့် ဆန္ဒပြမှုများ ဖြစ်ခဲ့ပြီးနောက် ကုန်သွယ်ရေးနှင့် စက်မှုလက်မှုကုန်သည်ကြီးများအသင်း (CTI) က ထုတ်ကုန်တစ်ခုချင်းပေါ်၌ ထုတ်လုပ်သည့် နိုင်ငံအမည်ကို ရေးသားရေးအတွက် ထပ်တလဲလဲ တောင်းဆိုခဲ့ကြသည်။

“သွင်းကုန်တွေပေါ်မှာ ထုတ်လုပ်တဲ့နိုင်ငံအမည်ကို မဖြစ်မနေရေးသင့်ပါတယ်။ အခုတော့ ပစ္စည်းအတော် များများမှာ ဘာမှမဖော်ပြထားပါဘူး။ အထူးသဖြင့် အွန်လိုင်းကူးသန်းရောင်းဝယ်ရေးဝက်ဘ်ဆိုက်တွေပေါ်မှာ တင်ထားတဲ့ ပစ္စည်းတွေဟာ ဘယ်နိုင်ငံကထုတ်တယ်ဆိုတာ ဝယ်ယူသူတွေက ရှာလို့မရဖြစ်နေပါတယ်။

“လူတွေက တရုတ်ထုတ်ကုန်တွေမဝယ်ချင်ဘူးဆိုရင်တောင် ပစ္စည်းမှာ မူရင်းနိုင်ငံကို မဖော်ပြထားလို့ ဝယ်မိတာတွေရှိနေတယ်” ဟု CTIဥက္ကဋ္ဌ ဘရီဂျက်ဂိုယယ်က ပြောသည်။

ထုတ်လုပ်သည့်နိုင်ငံအမည်ကို ထုတ်ကုန်ပေါ်တွင် ရေးထားပါက အိန္ဒိယလူမျိုးများအနေဖြင့် တရုတ် ကုန်ပစ္စည်းများကို သပိတ်မှောက်နိုင်ကြောင်းနှင့် ဗဟိုအစိုးရသည် ထိုသို့သောမူဝါဒကို အကောင်အထည် ဖော်သင့်သလို ၎င်းမူဝါဒနှင့် အွန်လိုင်းကူးသန်းရောင်းဝယ်ရေးနှင့် သွင်းကုန်မူဝါဒမှာ အပြောင်းအလဲ များလည်းပြုလုပ်သင့်ကြောင်း ဘရီဂျက်ဂိုယယ်က က ပြောသည်။

တရုတ်သည် အိန္ဒိယဈေးကွက်များမှ ငွေရှာကာ အိန္ဒိယအပေါ် အလွဲသုံးစားလည်း ပြုလုပ်နေသည်ဟု CTI ဥက္ကဋ္ဌ ဘရီဂျက်ဂိုယယ်က ထပ်လောင်းပြောကြားခဲ့သည်။

အိန္ဒိယစီးပွားရေးလုပ်ငန်းရှင်များနှင့် သုံးစွဲသူများက တရုတ်ကုန်ပစ္စည်းများကို သပိတ်မှောက်ပါက တရုတ် အနေဖြင့် အသိတရားရလာလိမ့်မည်ဟု ဘရီဂျက်ဂိုယယ်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required