တရုတ်ဒီဇိုင်းဖြင့်ထုတ်လုပ်ထားသော JF-17တိုက်လေယာဉ်များက ပါကစ္စတန်အတွက် အရှက်ရစရာဖြစ်လာ

တရုတ်ဒီဇိုင်းဖြင့်ထုတ်လုပ်ထားသော JF-17တိုက်လေယာဉ်များက ပါကစ္စတန်အတွက် အရှက်ရစရာဖြစ်လာ

တရုတ်နိုင်ငံက တီထွင်ထုတ်လုပ်သည့် JF-17 တိုက်လေယာဉ်သည် ရုရှား RD-93 အင်ဂျင်များ၏ ချွတ်ယွင်းချက်များစွာကြောင့် ပါကစ္စတန်အတွက် အရှက်ရစရာဖြစ်နေသော်လည်း အခြားနိုင်ငံများက အဆိုပါတိုက်လေယာဉ်များကို စိတ်ဝင်စားလျက်ရှိသည်ဟု Difesa Onlineသတင်းဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။

အဇာဘိုင်ဂျန်၊ သီရိလင်္ကာနှင့် မလေးရှားတို့သည် JF-17 တိုက်လေယာဉ်များကို ဝယ်ယူရန်ဆန္ဒရှိကြောင်း မကြာသေးမီက ပြသခဲ့သည်။ တရုတ်နှင့်ပါကစ္စတန်တို့အကြား JF-17အတွက်သဘောတူညီချက်အရ ပါကစ္စတန်သည် ရုရှားမှ အင်ဂျင်များနှင့် အပိုပစ္စည်းများကို တရုတ်၏ကြားဝင်စေ့စပ်ညှိနှိုင်းမှုဖြင့်သာ ဝယ်ယူခွင့်ရှိသည်။

တရုတ်တိုက်လေယာဉ်များ၏ ကြိမ်ဖန်များစွာ ချွတ်ယွင်းပျက်စီးမှုကြောင့် ပါကစ္စတန်သည် တရုတ်ကြား ဝင်ဆောင်ရွက်ပေးမှုကို ရှောင်ကာ RD-93အင်ဂျင်အသစ်များကို ဝယ်ရန် ရုရှားထံ တိုက်ရိုက်လျှောက်ထားခဲ့သည်။

ရုရှားက RD-93အင်ဂျင်များ၊ အပိုပစ္စည်းများနှင့် ပြုပြင်ထိန်းသိမ်းမှုများအတွက် ဝန်ဆောင်မှုပေးချင်သော်လည်း ရုရှားကာကွယ်ရေးပို့ကုန်အေဂျင်စီ Rosoboronexport အပေါ် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုကြောင့် ပါကစ္စတန ်လေတပ်အတွက် အရှုပ်အထွေးများကို ထပ်မံဖြစ်စေခဲ့သည်။

စတော့ဟုမ်းနိုင်ငံတကာငြိမ်းချမ်းရေးသုသေတနဌာန၏ လက်နက်လွှဲပြောင်းမှုဆိုင်အရာအချက်အလက်များအရ တရုတ်သည် ၂၀၀၀ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၇ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ စစ်လေယာဉ်များ ကို တင်ပို့နိုင်ခဲ့ပြီး အလွန်သေးငယ်သောဈေးကွက်အတွင်းသာ တရုတ်တိုက်လေယာဉ်များကို ရောင်းချနေရသည်။

၁၉၉၀ ပြည့်လွန်နှစ်များတွင် တရုတ်တိုက်လေယာဉ်များကို ဝယ်ယူသော အဓိကဖောက်သည်နိုင်ငံများမှာ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ မြောက်ကိုရီးယားနှင့် အာဖရိကနိုင်ငံတချို့ဖြစ်ပြီး ယနေ့အချိန်ထိ ဝယ်ယူနေကြဆဲဖြစ်ကြောင်းDifesa Onlineသတင်းက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly