အာဖဂန်နစ္စတန်တွင် ရပ်နားထားရသော မီဒီယာလုပ်ငန်းများ ပြန်စရေး အမျိုးသမီးဂျာနယ်လစ်များ တောင်းဆို

အာဖဂန်နစ္စတန်တွင် ရပ်နားထားရသော မီဒီယာလုပ်ငန်းများ ပြန်စရေး အမျိုးသမီးဂျာနယ်လစ်များ တောင်းဆို

အာဖဂန်နစ္စတန်နိုင်ငံတွင် ယမန်နှစ် ဩဂုတ်လက အမေရိကန်တပ်ဖွဲ့များ ပြန်လည်ထွက်ခွာပြီး တာလီဘန်တို့ ပြန်လည်အာဏာရသွားပြီးနောက်ပိုင်း ရပ်နားထားသော မီဒီယာလုပ်ငန်းများကို ပြန်လည်စတင်ရေး ဖာရာဟ်ပြည်နယ်မှ အမျိုးသမီးဂျာနယ်လစ်များက တောင်းဆိုလိုက်ကြောင်း TOLOnews က ဖော်ပြသည်။

အမျိုးသမီးဂျာနယ်လစ်များသည် ဖာရာဟ်ပြည်နယ်တွင် ပြုလုပ်သည့် အစည်းအဝေးတစ်ခု၌ ၎င်းတို့၏ မီဒီယာလုပ်ငန်းများ ပြန်စနိုင်ရေး တာလီဘန်တာဝန်ရှိသူများကို တိုက်တွန်းခဲ့သည်။

“အမျိုးသမီးတွေကို သူတို့ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို ၁၀၀ ရာခိုင်နှုန်း ဆက်လုပ်ခွင့် မပြုဘဲထားပါတယ်။ ဒါပေမယ့် သူတို့ (တာလီဘန်) က ခွင့်ပြုပေးမယ်လို့တော့ ပြောထားပါတယ်။ တကယ်ပဲ သူတို့ပေးထားတဲ့ ကတိတွေအတိုင်း အမှန်တကယ် လိုက်နာပြီး ကျွန်မတို့ကို ခွင့်ပြုပေးမယ်ဆိုရင် ကျွန်မတို့ သိပ်ပျော်မိမှာပဲ” ဟု မာဇီယာ နိုဇိုင် အမည်ရ ဂျာနယ်လစ်တစ်ဦးက ပြောကြောင်း TOLOnews က ကိုးကား ဖော်ပြသည်။

မီဒီယာလုပ်ငန်းများ လည်ပတ်မှုအတွက် တရားဝင်ခွင့်ပြုချက်ရရေးအပြင် လုပ်ငန်းများကို ဆက်ထိန်းထားနိုင်ရန် ဘဏ္ဍာရေးအကူအညီလည်း ရလိုကြောင်း Naw-e-Zan ရေဒီယိုဌာနမှ ကိုယ်စားလှယ်များက ပြောသည်။

စစ်ဒဏ်သင့် အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်တို့က သတင်းမီဒီယာအပေါ် တင်းကျပ်သည့် အစီအမံများ ချမှတ်ခြင်းနှင့် ငွေကြေးအထောက်အပံ့ မရရှိခြင်းကြောင့် မီဒီယာလုပ်ငန်း အတော်များများကို ပိတ်ထားခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly