ပါကစ္စတန်တွင် ကြွေးဆပ်ရန် ပျက်ကွက်နိုင်သည့် ခြိမ်းခြောက်မှုနှင့် ကြုံရခြင်းအတွက် ဝန်ကြီးချုပ်ဟောင်းက လက်ရှိအစိုးရကို ဝေဖန်

ပါကစ္စတန်တွင် ကြွေးဆပ်ရန် ပျက်ကွက်နိုင်သည့် ခြိမ်းခြောက်မှုနှင့် ကြုံရခြင်းအတွက် ဝန်ကြီးချုပ်ဟောင်းက လက်ရှိအစိုးရကို ဝေဖန်

ပါကစ္စတန်နိုင်ငံ၏ စီးပွားရေးအခြေအနေနှင့်ပတ်သက်ပြီး ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းက လက်ရှိ အစိုးရအပေါ် ဒီဇင်ဘာ ၁၁ ရက်က ဝေဖန်ပြစ်တင်လိုက်သည်။

ပါကစ္စတန်နိုင်ငံတွင် ဘွားခနဲ ပေါ်လာသည့် ကြွေးမြီပြန်ဆပ်ရန် ပျက်ကွက်မှုဆိုင်ရာ ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ရခြင်းအတွက် ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ် ဦးဆောင်သော ပါကစ္စတန် ဒီမိုကရက်တစ် လှုပ်ရှားမှု (PDM) အစိုးရအပေါ် ခန်းက ပြစ်တင်ခဲ့သလို နိုင်ငံ၏ စီးပွားရေးအခြေအနေနှင့်ပတ်သက်ပြီး သတင်းမီဒီယာများကလည်း သတင်းရေးသားဖော်ပြခြင်း မရှိကြောင်း ခန်းက စွပ်စွဲခဲ့သည်ဟု Dawn သတင်းစာက ဖော်ပြသည်။

သတင်းမီဒီယာများသည် မိမိ၏ ‘အစိုးရဘဏ္ဍာတိုက်’ လက်ပတ်နာရီကိစ္စအပေါ်တွင်သာ အာရုံစိုက် လျက်ရှိကြောင်း ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် (PTI) ပါတီအကြီးအကဲ အီမရန် ခန်းက စွပ်စွဲခဲ့ပြီး ထိုလက်ပတ်နာရီက မိမိ ရောင်းချပိုင်ခွင့် ရှိသည့် ကိစ္စ သို့မဟုတ် မိမိလုပ်ချင်သည့် အရာတိုင်းကို လုပ်ဆောင် နိုင်သည့် အခွင့်အရေးကိစ္စပင် ဖြစ်ကြောင်း ခန်းက အလေးပေး ပြောသည်။

လက်ရှိအချိန်တွင် ပြည်သူများအနေဖြင့် ၎င်းတို့၏ အသံများကို ထုတ်ဖော်ခြင်းမရှိပါက ပါကစ္စတန်သည် ကြွေးမြီပြန်ဆပ်ရန် ပျက်ကွက်မှု ဖြစ်လိမ့်မည်ဟု ခန်းက သတိပေးခဲ့ကြောင်း Dawn သတင်းစာက ဖော်ပြသည်။

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းသည် လာဟိုးမြို့၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့နိုင်ငံ ဘယ်လမ်းကြောင်းကို ဦးတည်နေသလဲဆိုတာကို ပြည်သူတွေ သိအောင်လို့ ကျွန်တော် ဒီနေ့ မီဒီယာသတင်းစာ ရှင်းလင်းပွဲ လုပ်တာဖြစ်ပါတယ်” ဟု အီမရန် ခန်းက ပြောကြောင်း Dawn သတင်းစာက ကိုးကား ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required