ရေစကြိုမြို့နယ် ဗြိဘကျေးရွာကို စစ်ကောင်စီတပ်ကမီးရှို့သည့်အတွက် နေအိမ် ၆၀ ကျော် မီးလောင် ပျက်စီး

ရေစကြိုမြို့နယ် ဗြိဘကျေးရွာကို စစ်ကောင်စီတပ်ကမီးရှို့သည့်အတွက် နေအိမ် ၆၀ ကျော် မီးလောင် ပျက်စီး

မဇ္ဈိမ။ ။စစ်ကောင်စီတပ်များက မကွေးတိုင်း ရေစကြိုမြို့နယ် ဗြိဘကျေးရွာအုပ်စု ရှိ ဗြိဘအနောက်ရွာကို ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက်အစောပိုင်းက မီးရှို့ဖျက်ဆီးခဲ့၍ နေအိမ် ၆၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ ကြောင်း Yesagyo Township Info Committee က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်များသည် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ဗြိဘအနောက်ရွာကို ဝင်ရောက်ခဲ့ပြီးနောက် ဘုန်းတော်ကြီးကျောင်းတွင်တပ်စွဲကာ ကျေးရွာအတွင်းမှနေအိမ်များထဲမှ ပစ္စည်းများကို မွှေနှောက်ရှာဖွေ လုယက်ယူဆောင်သွားပြီးနောက် ရွာကိုမီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မီးရှို့ပြီး မနက် ၇ နာရီလောက်က ထွက်သွားပါတယ်။ မနေ့က ကားသုံးစီးနဲ့ ပစ္စည်းတွေကို ခိုးယူလုယက် ယူဆောင်သွားပါတယ်။ နေအိမ် ၆၀ ဝန်းကျင် မီးလောင်ပျက်စီးပါတယ်၊ အတိအကျတော့ မသိရသေးပါ ဘူး” ဟု Yesagyo Township Info Committee မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ယင်းအပြင် ပြည်သူများမွေးမြူထားသည့် ကြက်၊ ဝက်စသည့်တို့ကိုလည်း သတ်ဖြတ်စားသောက်ထားပြီး အရက်သေစာများသောက်စားကာ ထင်တိုင်းကျဲထားခဲ့ကြောင်း ဆိုသည်။

စစ်ကောင်စီတပ်များသည် ဒီဇင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဖက်ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်းသိရသည်။ ဗြိဘကျေးရွာမှထွက်ခွာ သွားသည့် စစ်ကောင်စီတပ်များသည် ကမ်းဖြူရွာနှင့် ဆင်ဖြူရှင်တံတားဘက်သို့ ထွက်ခွာသွားကြောင်းဆို သည်။

စစ်ကောင်စီတပ်များသည် ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့ကလည်း ဗြိဘအရှေ့ရွာကို စစ်ကြောင်းထိုးဝင် ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် နေအိမ် ၆၅ လုံး မီးလောင်ပျက်စီးခဲ့သည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required