လူဆေးလ် အားကစားကွင်းကြီးထဲမှာ ယနေ့ည စီးချင်းထိုးကြမယ့် အာဂျင်တီးနား-ပြင်သစ် (ကမ္ဘာ့ဖလား ဗိုလ်လုပွဲ)

လူဆေးလ် အားကစားကွင်းကြီးထဲမှာ ယနေ့ည စီးချင်းထိုးကြမယ့် အာဂျင်တီးနား-ပြင်သစ် (ကမ္ဘာ့ဖလား ဗိုလ်လုပွဲ)

ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ ပွဲပေါင်း ၆၃ ပွဲ ကစားပြီးသွားတဲ့နောက် ယနေ့ညမှာတော့ နောက်ဆုံးဗိုလ်လုပွဲစဉ်ကို ကစားသွားတော့မှာ ဖြစ်ပါတယ်။

ယနေ့ညမှာတော့ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တဲ့ ပြင်သစ်အသင်းနဲ့ လီယွန်နယ် မက်ဆီ ဦးဆောင်တဲ့ အာဂျင်တီးနားအသင်းတို့ဟာ လူဆေးလ် အားကစားကွင်းကြီးထဲမှာ အကြိတ်အနယ် ယှဉ်ပြိုင်ကစားသွားကြမှာပါ။ အဆိုပါ နှစ်သင်းစလုံးကတော့ အရင်က ၂ ကြိမ်စီ ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်ခဲ့ဖူးတာကြောင့် ဒီနေ့ညပွဲမှာ အနိုင်ရမယ့် အသင်းဟာ ကမ္ဘာ့ဖလားကို ၃ ကြိမ်မြောက်အဖြစ် ရရှိမှာဖြစ်ပါတယ်။

ပြိုင်ပွဲရဲ့ အဓိက ပွဲစဉ်ကြီးဖြစ်တဲ့ ယနေ့ည ဗိုလ်လုပွဲမတိုင်ခင် ယမန်နေ့ညက ကစားသွားခဲ့တဲ့ တတိယနေရာလုပွဲမှာတော့ ခရိုအေးရှားအသင်းက မော်ရိုကို အသင်းကို ၂-၁ ဂိုးနဲ့ နိုင်ပြီး ကမ္ဘာ့ဖလားကြေးတံဆိပ်ဆုကို ရသွားခဲ့ပါတယ်။

ယနေ့ည ဗိုလ်လုပွဲစဉ်ဟာ အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီအတွက်တော့ ကမ္ဘာ့ဖလားချန်ပီယံဆုအတွက် တိုက်ပွဲဝင်နိုင်မယ့် နောက်ဆုံးအခွင့်အလမ်းဖြစ်သလို ဒီညမှာ သူ့အသင်းဟာ ပြင်သစ်အသင်းနဲ့ ထိပ်တိုက်တွေ့ပြီ ဖြစ်ပါတယ်။

ပြင်သစ်အသင်းဘက်မှာတော့ အသင်းနည်းပြဖြစ်တဲ့ ဒီဒီယာ ဒက်ချမ့်စ်ဟာ ကမ္ဘာ့ဖလားကို ကစားသမားဘဝနဲ့ရော၊ နည်းပြဘဝနဲ့ပါ ရယူနိုင်ခဲ့သူတစ်ဦး ဆိုပြီး မှတ်တမ်းဝင်ထားပြီး ဖြစ်သလို ယနေ့ညပွဲစဉ်မှာသာ သူ့ရဲ့ ပြင်သစ်အသင်း အနိုင်ရမယ်ဆိုရင် ဒုတိယကမ္ဘာစစ်အလွန်ကာလမှာ ကမ္ဘာ့ဖလားကို ၂ နှစ်ဆက်တိုက် (၂ ကြိမ်ဆက်တိုက်) အနိုင်ရတဲ့ ပထမဆုံးနည်းပြ ဖြစ်လာမှာဖြစ်ပါတယ်။

ပြင်သစ်နဲ့ အာဂျင်တီးနား ဒီနှစ်သင်း နောက်ဆုံးအကြိမ်တွေ့ခဲ့တာကတော့ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ဖြစ်ပြီး ပြိုင်ပွဲရဲ့ ၁၆ သင်းအဆင့်မှာ တွေ့ခဲ့တဲ့ အဲဒီပွဲစဉ်မှာတော့ ပြင်သစ်အသင်းက အာဂျင်တီးနားအသင်းကို ၄-၃ ဂိုးနဲ့ နိုင်ခဲ့တာဖြစ်ပြီး အဲဒီပွဲစဉ်ဟာ ရုရှားမှာ ကျင်းပတဲ့ ပြိုင်ပွဲရဲ့ ဖျော်ဖြေမှုရသအပေးနိုင်ဆုံး ပွဲစဉ် တစ်ပွဲ ဖြစ်ခဲ့ပါတယ်။

ဒီနေ့ည ကစားမယ့် ဖိုင်နယ်ပွဲစဉ်မှာတော့ မျိုးဆက်အလိုက် အကောင်းဆုံးကြယ်ပွင့်ကစားသမားတွေ စီးချင်းထိုးတာကို မြင်ရဖို့ ရှိပြီး ကစားသမားဘဝရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲကို ကစားနေတဲ့ အသက် ၃၅ နှစ်ရှိ မက်ဆီဟာ သူ့ရဲ့ ကလပ်အသင်းဖြစ်တဲ့ ပီအက်စ်ဂျီ အသင်းဖော် အသက် ၂၃ နှစ်ရှိ ကိုင်လီယန် အမ်ဘာပေနဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ကစားသမားနှစ်ဦးစလုံးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သွင်းဂိုး ၅ ဂိုးစီ ရထားပြီး ကာတာကနေ ပြန်တဲ့အခါမှာ ဆုသုံးဆု နဲ့အတူ ပြန်ရနိုင်ခြေ ရှိနေပြီး သူတို့နှစ်ဦးဟာ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုနဲ့ ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုဖြစ်တဲ့ ရွှေဘောလုံးဆုတို့အတွက် အပြိုင်ဖြစ်နေကြပါတယ်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required