ဒလိုင်းလားမားက ထိုင်ဝမ်သို့ သွားရောက်ရန် ဆန္ဒရှိနေ

By Taipei Times
18 December 2022
ဒလိုင်းလားမားက ထိုင်ဝမ်သို့ သွားရောက်ရန် ဆန္ဒရှိနေ

တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားက ထိုင်ဝမ်သို့ ထပ်မံသွားရောက်ရန် ဆန္ဒရှိကြောင်းနှင့် ထိုင်ဝမ်သည် ဒီမိုကရေစီနှင့် လွတ်လပ်မှု၏ စွမ်းအားဖြင့် တရုတ်နိုင်ငံကို ပြောင်းလဲစေနိုင်မည်ဟု မျှော်လင့်ကြောင်း အိန္ဒိယနိုင်ငံ ဒါရမ်ရှာလာမြို့ရှိ ၎င်း၏အိမ်တော်၌ နယူးဒေလီမှ ထိုင်ဝမ်ကုန်သည်ကြီးများအသင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။

ဒလိုင်းလားမားက တရုတ်ကွန်မြူနစ်ပါတီသည် တိဗက်ကို သိမ်းပိုက်ပြီး ယဉ်ကျေးမှုကို ချိုးနှိမ်ထားသော်လည်း တိဗက်လူမျိုးများ၏ ယုံကြည်မှုမှာ မယိမ်းယိုင်သေးကြောင်းနှင့်မကြာသေးမီက သွားရောက်ခဲ့သော ဟိမဝန္တာဒေသခရီးစဉ်တွင်လည်း ၎င်းနှင့် ဗုဒ္ဓဘာသာအပေါ် ပြည်သူများ၏ နှစ်သက်မြတ်နိုးမှုကို ခံစားရကြောင်း ပြောသည်။

ထိုင်ဝမ်သို့ လာရောက်မည့်အချိန်နှင့်ပတ်သက်၍ ဒလိုင်းလားမားက ကိုဗစ်-၁၉ ကပ်ရောဂါပြီးဆုံးသည့်နှင့် အဆင်ပြေသည့် အချိန်တွင် လာရောက်မည်ဟု ပြောသည်။

ဒလိုင်းလားမားနှင့် ဒီဇင်ဘာ ၁၄ ရက်က တွေ့ဆုံဆွေးနွေးမှုတွင် ဘာသာရေးဆိုင်ရာ အကြောင်းအရာများ အများစုပါဝင်သော်လည်း ဒလိုင်းလားမားက ထိုင်ဝမ်၏ ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေးကို ချီးမွမ်းခဲ့သည်။

ရေလက်ကြားဖြတ်ကျော်ပြဿနာများ၏ ဖြေရှင်းရခက်သည့်အချက်မှာ တရုတ်နိုင်ငံပေါ်သာမူတည်ပြီး ထိုင်ဝမ်အနေဖြင့် တရုတ်နိုင်ငံအပေါ် လွှမ်းမိုးနိုင်ရေးအတွက်လွတ်လပ်မှုနှင့် ဒီမိုကရေစီ၏ စွမ်းအားကို အသုံးပြုရန်ဒလိုင်းလားမားက အကြံပြုခဲ့သည်။

တိဗက်အနာဂတ်နှင့်ပတ်သက်၍ ဒလိုင်းလားမားက နိုင်ငံရေးအရလွတ်လပ်ရေးကို မရှာဖွေတော့ဘဲ တိဗက် ဘာသာ၊ ယဉ်ကျေးမှုနှင့် တိုင်းရင်းသားများ၏ ကိုယ်ပိုင်လက္ခဏာကို ထိန်းသိမ်းရန် တရုတ်မူဘောင် အတွင်း စစ်မှန်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုသာ ရှာဖွေသွားမည်ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly