တရုတ်နိုင်ငံသားများ တိုက်ခိုက်ခံရပြီးနောက် အာဖဂန်တွင် တရုတ်၏ကစားပွဲ မှေးမှိန်လာဟန်ရှိ

တရုတ်နိုင်ငံသားများ တိုက်ခိုက်ခံရပြီးနောက် အာဖဂန်တွင် တရုတ်၏ကစားပွဲ မှေးမှိန်လာဟန်ရှိ

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်ဟိုတယ်တွင် တရုတ်ခရီးသွားဧည့်သည်များ တိုက်ခိုက်ခံရမှုနှင့်ပေါက်ကွဲမှုများ ဖြစ်ပေါ်ပြီးနောက် အာဖဂန်တာလီဘန်များနှင့် ဆက်ဆံရေးကို ပြန်လည်အသက်သွင်းပြီး အကျိုးအမြတ်များ ရယူမည့် တရုတ်၏ အစီအစဉ် မှေးမှိန်လာပုံပေါ်ကြောင်း Al Arabia Postကဖော်ပြသည်။

အဆိုပါဟိုတယ်တွင် ဒီဇင်ဘာ ၅ ရက်က ဗုံးကွဲမှုနှင့်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကာ တရုတ်နိုင်ငံသား ၅ ဦး ဒဏ်ရာရပြီး အာဖဂန်-တရုတ်ဆက်ဆံရေးကို ထိခိုက်စေခဲ့သည်။

အာဖဂန်ဆိုင်ရာတရုတ်သံအမတ်ကြီး ဝမ်ယုက တာလီဘန်အစိုးရ ဒုနိုင်ငံခြားရေးဝန်ကြီး ရှာမိုဟာမက် အက်ဘာစတန်နစ်ဇိုင်းနှင့်တွေ့ဆုံပြီး ကဘူးလ်ရှိ တရုတ်သံရုံးလုံခြုံရေးကို အထူးဂရုစိုက်ပေးရန် တောင်းဆိုပြီး ၁ ရက်အကြာတွင် တိုက်ခိုက်မှု ပေါ်ပေါက်ခဲ့ကြောင်း တာလီဘန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အရှေ့တာကစ္စတန်အစ္စလာမ္မစ်လှုပ်ရှားမှုအဖွဲ့ (ETIM)၊ တီရစ်-အီ-တာလီဘန် (TTP)၊ အယ်လ်ခိုင်ဒါနှင့် အခြားအကြမ်းဖက်များသည် တရုတ်၏ အာဖဂန်အပေါ်ယုံကြည်မှုကို ပျက်ပြားစေသည်။ ထို့ကြောင့် တရုတ်က အာဖဂန်နစ္စတန်အတွက် အရင်းအနှီးများသောစီမံကိန်းများလုပ်မည့်အစီအစဉ်ကို ဆိုင်းငံ့ထားသည်။

တရုတ်သည် ချွတ်ခြုံကျနေသော စီးပွားရေးကို အထောက်အကူဖြစ်စေရန် ရှေးခေတ်ပိုးလမ်းမကုန်သွယ်ရေး လမ်းကြောင်းများကို ပြန်စတင်ရေးအတွက် အာဖဂန်နှင့် နိုဝင်ဘာလက ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့သည်။ အာဖဂန်ကလည်း တရုတ်ကဲ့သို့ပင် အလားတူအစီအစဉ်များရှိသည်။ တရုတ်အစိုးရသည် ဈေးပေါသော ကုန်ပစ္စည်းများမှလွဲ၍ ရင်းနှီးမြှုပ်နှံမှုနှင့်အကူအညီကြီးကြီးမားမားမလုပ်ဘဲ ကုန်းတွင်းပိတ်အာဖဂန်နိုင်ငံကို လိမ္မာပါးနပ်စွာ သတိနှင့်ဆက်ဆံနေသည်။

တရုတ်သည် အာဖဂန်နစ္စတန်ကို ထောက်ပံ့ကူညီမှုအမည်အောက်၌ ယမန်နှစ်က စားနပ်ရိက္ခာနှင့် ကိုရိုနာဗိုင်းရပ် ကာကွယ်ဆေးများ အပါအဝင် အမေရိကန်ဒေါ်လာ ၃၁ သန်း တန်ဖိုးရှိ အကူအညီများ ပေးအပ်ခဲ့သည်။

တစ်နှစ်အကြာ၌ ကဘူးလ်တွင် တရုတ်အကျိုးစီးပွားများ တိုက်ခိုက်ခံရရုံသာမက တရုတ်နှင့်တာလီဘန်အကြား သဘောထားကွာဟချက်မှာလည်း ကြီးမားလာသလို တရုတ်သည် အာဖဂန်တွင် ရင်းနှီးမြှုပ်နှံမှုကြီးများ ပြုလုပ်ရေး ကတိပေးရန် အသင့်မဖြစ်သေးပုံပေါ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly