ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် ကိုရဲလင်းဦး ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရ

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် ကိုရဲလင်းဦး ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရ

မဲဆောက်(မဇ္ဈိမ)။ ။ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သည့် ကိုရဲလင်းဦးကို ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် မရမ်းကုန်းမြို့နယ် တရားရုံးက ထောင်ဒဏ်ခုနစ်နှစ် ချမှတ် လိုက်ကြောင်း သိရသည်။

ကိုရဲလင်းဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)ဖြင့် ယခုကဲ့သို့ အမိန့်ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂပြောရေးဆိုခွင့်ရှိသူ အက်စတာက မဇ္ဈိမကိုပြောသည်။

“အင်းစိန်ထောင်တွင်း အထူးတရားရုံးက ပုဒ်မ ၅၂(က)နဲ့ထောင်ဒဏ် ခုနစ်နှစ်ချမှတ်လိုက်တာပါ” ဟု ဆိုသည်။

ကိုရဲလင်းဦးကို ပြီးခဲ့သည့်မတ်လလည်း ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ကဖြင့် ထောင်ဒဏ်သုံးနှစ် ချမှတ်ထားသည့်အတွက် ယခုချမှတ်လိုက်သည့်အမှုအပါအဝင် စုစုပေါင်းထောင်ဒဏ် ၁၀ နှစ်ကို အင်းစိန် အကျဉ်းထောင်အတွင်း ကျခံနေရခြင်းဖြစ်သည်။

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်လေးဦးအပါအဝင် စုစုပေါင်းလူငယ်‌ ခြောက် ဦးဖြစ်သည့် မဝတ်ရည်အောင် (သတ္တဗေဒ)၊ မသဉ္ဇာဇော် (ဓာတုဗေဒ)၊ ကိုစည်သူအောင်တင် (ဥပဒေ)၊ ကိုရဲလင်းဦး(ရှေး/သု)၊ ကိုမြင့်သိန်းနိုင် (ပထဝီဝင်)၊ ကိုနေထက်လင်း(သမိုင်း)တို့သည် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့က ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်ရှိ နေအိမ်တစ်ခုတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။

ထို့နောက်၎င်းတို့ကို မြို့နယ်အသီးသီးတွင် တရားစွဲဆိုမှုများ ပြုလုပ်ခဲ့ကြရာတွင် ခြောက်ဦးစလုံးသည် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် စွဲဆိုခြင်းခံခဲ့ရပြီး အမှုဆောင်လေးဦးဖြစ်သည့် ကိုရဲလင်းဦး၊ ကိုစည်သူအောင်တင်၊ မဝတ်ရည်အောင်၊ မသဉ္ဇာဇော်တို့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေများ ဖြင့် ထပ်မံတရားစွဲဆိုခြင်း ခံထားရသည်။

“မိတဲ့အချိန်တုန်းက အကြမ်းဖက်လို့စွပ်စွဲလို့ရတဲ့ ဘယ်လက်နက်ခဲယမ်းမှ မပါ ပါဘူး” ဟု အက်စတာက ဆိုသည်။

လက်ရှိအချိန်တွင် ကိုရဲလင်းဦးသည် ထောင်ဒဏ် ၁၀ နှစ်၊ ကိုစည်သူအောင်တင်သည် ထောင်ဒဏ် ၁၀ နှစ်၊ မသဉ္ဇာဇော်သည် ထောင်ဒဏ် ၁၃ နှစ်၊ ကိုမြင့်သိန်းနိုင်နှင့် ကိုနေထက်လင်းတို့သည်ထောင်ဒဏ် သုံးနှစ်စီ စသည့်ဖြင့် အသီးသီး အကျဉ်းကျခံနေရလျက် ရှိနေသည်။

ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သည့် မဝတ်ရည်အောင်သည် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)ဖြင့် ထောင်ဒဏ်သုံးနှစ် ချမှတ်ခံထားရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပ‌ဒေပုဒ်မ ၅၂(က)အတွက်မူ အမှုရင် ဆိုင်လျက်ရှိနေဆဲဖြစ်သည်။

ထောင်ဒဏ်ချမှတ်ခံရသူများထဲမှ ကိုစည်သူအောင်တင်နှင့် မသဉ္ဇာဇော်တို့ကို မြောက်ဥက္ကလာပမြို့နယ် စစ်ခုံရုံးကကိုင်တွယ်ပြီး ထောင်ဒဏ်များအမြောက်အများ ချမှတ်ခဲ့ခြင်းဖြစ်သည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required