အပြန်အလှန်ဥပဒေအကူအညီပေးရေးစာချုပ်ဖြင့် ထိုင်ဝမ်နိုင်ငံသားများ ပစ်မှတ်ထားခံရနိုင်ဟု တက်ကြွလှုပ်ရှားသူပြော

အပြန်အလှန်ဥပဒေအကူအညီပေးရေးစာချုပ်ဖြင့် ထိုင်ဝမ်နိုင်ငံသားများ ပစ်မှတ်ထားခံရနိုင်ဟု တက်ကြွလှုပ်ရှားသူပြော

တရုတ်သည် တတိယနိုင်ငံရှိ လွတ်လပ်ရေးထောက်ခံသော ထိုင်ဝမ်နိုင်ငံသားများကို ပစ်မှတ်ထားရန် နိုင်ငံအချင်းချင်း ဥပဒေရေးရာအကူအညီပေးရေးစာချုပ်များကို အသုံးချလာနိုင်သည်ဟု ထိုင်ဝမ်တက်ကြွ လှုပ်ရှားသူ လီမင်ချီက တရုတ်အစိုးရပိုင် People's Daily ဥပဒေပညာရှင် ဝမ်ယင်ကျင်းရေးသားသော ဆောင်းပါးကို ရည်ညွှန်းကာ သတိပေးလိုက်သည်။ တရုတ်သည် ၎င်းနိုင်ငံကို ဖြတ်သွားသော သို့မဟုတ် တရုတ်နှင့် တရားခံလွှဲပြောင်းရေး စာချုပ်ချုပ်ဆိုထားသော နိုင်ငံတွင် ခရီးသွားနေသည့် ထိုင်ဝမ်နိုင်ငံသားအားလုံးအတွက် အန္တရာယ်ရှိစေမည့် မဟာဗျူဟာကို အလေးအနက်စဉ်းစားနေကြောင်း ဆောင်းပါးတွင် ဖော်ပြထားသည်ဟု လီက တိုင်ပေတွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ကြောင်း Taipei Times သတင်းဌာနက ဖော်ပြခဲ့သည်။

နိုင်ငံတော်အာဏာကို ထိပါးနှောင့်ယှက်မှုဖြင့် ၂၀၁၇ ခုနှစ်မှ ၂၀၂၂ ခုနှစ် ဧပြီလအထိ အကျဉ်းချခံခဲ့ရသော လီက တရားခံလွှဲပြောင်းရေးစာချုပ်များကို တရုတ်က အလွဲသုံးစားပြုလုပ်ခြင်းကို တားဆီးနိုင်ရေး အချိန်မီတုံ့ပြန်ရန် ထိုင်ဝမ်အစိုးရကို တိုက်တွန်းခဲ့သည်။

တိဗက်၊ ဝီဂါများနှင့် Safeguard Defenders အဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ပွဲတွင် လီက ခွဲထွက်ရေး သို့မဟုတ် နိုင်ငံရေးပြစ်မှုများဖြင့် စွပ်စွဲခံထားရသည့် ထိုင်ဝမ်နိုင်ငံသားများအား လွှဲပြောင်းခြင်းကို တားဆီးနိုင်ရန် တရုတ် သို့မဟုတ် ဟောင်ကောင်နှင့် တရားခံလွှဲပြောင်းရေးစာချုပ် ချုပ်ဆိုထားသည့် နိုင်ငံများနှင့်ချိတ်ဆက်ကာ သံတမန် နည်းလမ်းများဖြင့် ပြဿနာများကို ဖြေရှင်းရန် ထိုင်ဝမ်အစိုးရကို တောင်းဆိုခဲ့သည်။

တရုတ်၏ တရားလွှဲပြောင်းရေးတောင်းဆိုချက်ကို လိုက်နာဖွယ်ရှိသည့် နိုင်ငံများသို့လည်း ခရီးသွားခြင်း မပြုကြရန် ပြည်သူများကို သတိပေးသင့်ကြောင်း လီက ပြောသည်။

ပြည်ပနိုင်ငံရောက် ထိုင်ဝမ်သားများကို တရုတ်သို့လွှဲပြောင်းရန်ပြောသည့် တရုတ်၏တောင်းဆိုမှုသည် ထိုင်ဝမ်၏အချုပ်အခြာအာဏာနှင့် လွှဲပြောင်းခံရသူတစ်ဦးချင်းစီ၏ မျှတသော ရုံးတင်စစ်ဆေးမှုနှင့် အကျဉ်းထောင်အတွင်း လူသားဆန်စွာဆက်ဆံခံရမှုအခွင့်အရေးများကို အပေးအယူလုပ်ခြင်းဖြစ်သည်ဟု လီက ဆိုသည်။

လီသည် ဆက်သွယ်ရေးဆိုင်ရာပြစ်မှုဖြင့် စပိန်မှ လွှဲပြောင်းခံရပြီးနောက် အကျဉ်းကျနေစဉ်တွင်း ထိုင်ဝမ်အကျဉ်းသားများစွာနှင့်တွေ့ဆုံခဲ့သည်။ ကင်ညာနှင့် မလေးရှားနိုင်ငံတို့မှ လွှဲပြောင်းခံရသူများလည်း ရှိကြောင်း လီက ပြောပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required