မြန်မာကိုယ်စားပြုအဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေး ကုလအထွေထွေညီလာခံက ကန့်ကွက်သူမရှိ အတည်ပြု

မြန်မာကိုယ်စားပြုအဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေး ကုလအထွေထွေညီလာခံက ကန့်ကွက်သူမရှိ အတည်ပြု

မဇ္ဈိမ ။ ။ မြန်မာကိုယ်စားပြုအဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေး ကုလအထွေထွေညီလာခံက ကန့်ကွက်သူမရှိဘဲ အတည်ပြုလိုက်‌ကြောင်း သိရသည်။

ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရန် Credential Committee က တင်သွင်းသည့် အစီရင်ခံစာကို ကန့်ကွက်သူမရှိ အတည်ပြုလိုက်ခြင်းဖြစ်သည်။

"မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သံအမတ်ကြီးဦးကျော်မိုးထွန်း ရဲ့ status quo ဆက်လက်ထားရှိရေး Credential Committee က တင်သွင်းတဲ့ အစီရင်ခံစာကို ကုလအထွေထွေညီလာခံကနေ ဒီနေ့ ကန့်ကွက်သူမရှိ လက်ခံလိုက်ပါတယ်။ ပြည်သူ့အသံကို ဆက်လက် ကိုယ်စားပြုနိုင်မှာမို့ CONGRATULATIONS! ပြည်သူ့သံအမတ်ကြီး" ဟု NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ရေးသားထားသည်။

ယင်းသို့ ဆုံးဖြတ်လိုက်ခြင်းကြောင့် ဦးကျော်မိုးထွန်းသည် UN တွင် မြန်မာကိုယ်စားပြုအဖြစ် အနည်းဆုံး ကိုးလကျော် ဆက်လက်တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။

United Nations(UN)တွင် ကိုယ်စားပြုခွင့် ရရှိရန် စစ်ကောင်စီက သုံးကြိမ်တိုင်တိုင် ကြိုးစားနေသော်လည်း လက်ရှိအချိန်အထိ ကိုယ်စားပြုခွင့် မရရှိသေးပေ။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်တွင် ဦကျော်မိုးထွန်းက UN အစည်းအဝေးတွင် လက်သုံးချောင်းထောင်ကာ ကန့်ကွက်ခဲ့ပြီးနောက် ဦးကျော်မိုးထွန်းနေရာတွင် အစားထိုးရန် စစ်ကောင်စီက ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် စစ်ကောင်စီက တောင်ဥက္ကလာမြို့နယ်ရှိ ဦးကျော်မိုးထွန်း၏ နေအိမ်ကိုလည်း ချိတ်ပိတ်သိမ်းဆည်းထားသည်။

ဦးကျော်မိုးထွန်းသည် UN တွင် မြန်မာကိုယ်စားပြုအဖြစ် စစ်ကောင်စီ၏ အကြမ်းဖက်သတ်ဖြတ်မှုများ၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများကို တစိုက်မတ်မတ် တင်ပြလျက်ရှိပြီး အရေးယူမှုများ လုပ်ဆောင်ရန် တွန်းအားပေး ပြောဆိုလျက်ရှိသည်။

စာတည်း။ ။ ဖူးသိမ်ကျ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required