သာကေတတွင် ဧည့်စာရင်းဝင်စစ်ပြီး လူငယ် ၂၀ ကျော်ကို စစ်ကောင်စီဖမ်းဆီး

သာကေတတွင် ဧည့်စာရင်းဝင်စစ်ပြီး လူငယ် ၂၀ ကျော်ကို စစ်ကောင်စီဖမ်းဆီး

(မဇ္ဈိမ)။ ။ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် ဒီဇင်ဘာလ ၁၆ ရက်နေ့ ည ၁၀ နာရီကျော်ခန့်တွင် စစ်ကောင်စီက ဧည့်စာရင်းဝင်စစ်ပြီး လူငယ် ၂၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသတွင်း သတင်းအရင်းမြစ်တစ်ဉီးက ပြောသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသူ လူငယ်အများစုသည် သာကေတမြို့နယ် ထူပါရုံ(၁၄)လမ်း အနောက်လမ်းတွင် နေထိုင်သူများဖြစ်ကြောင်း ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဧည့်စာရင်းမစစ်မီအစောပိုင်းတွင် ကားငါးစီးခန့်ဖြင့်ပတ်နေပြီး ည ၁၀ နာရီ မိနစ် ၄၀ အချိန်ခန့်မှ ၁၁ နာရီ‌ကျော်အချိန်အထိ မိနစ် ၃၀ ခန့်စစ်ဆေးခဲ့သည့်ဟု ဒေသခံတစ်ဦးက ဆိုသည်။

“ဘာ့ကြောင့်ဖမ်းတယ်ဆိုတာတော့ မသိဘူး။ အားလုံးကလည်း ဧည့်စာရင်းစစ်တယ်ဆိုတော့ ကိုယ့်အပူနဲ့ ကိုယ်ပေါ့။ ဖမ်းခံရတာလူငယ်အများစုဖြစ်ပြီး အမျိုးသားတွေလို့သိရတယ်။ အခုလည်း အဲ့ဒီလမ်းအနီး တဝိုက်မှာ ရပ်ကွက်ထဲတစ်ခါမှမမြင်ဘူးတဲ့ လူစိမ်းအချို့ရှိနေတာကို တွေ့နေရတယ်။ ရပ်ကွက်သားအချို့ တော့ ဘာ့ကြောင့်ဖမ်းသွားတာလည်းဆိုတာစုံစမ်းနေတုန်းပဲ” ဟု ထူပါရုံရပ်ကွက်တွင် နေထိုင်သူတစ်ဉီး က ပြောသည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့ ည ၉ နာရီ ဝန်းကျင်အချိန်ခန့်တွင် စစ်ကောင်စီ၏ မင်္ဂလာဒုံ အနန်းပင်လေတပ် စခန်းဝန်းအား မြို့ပြပြောက်ကျားအဖွဲ့က ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်ဖြစ်ပွားအပြီး စပ်ဆက်မြို့နယ်များ အပါအဝင် အခြားမြို့နယ်များအတွင်း ဧည့်စာရင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

ပုံစာ - ရန်ကုန်မြို့တွင် ညအချိန် ဧည့်စာရင်းဝင်ရောက်စစ်ဆေးနေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ(ပုံအဟောင်း)

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required