မတူပီမြို့ (၁၄၀)တပ်ရင်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သား ၅ ဦး ပြန်ဖမ်းခံရ

မတူပီမြို့ (၁၄၀)တပ်ရင်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သား ၅ ဦး ပြန်ဖမ်းခံရ

ဆလိုင်းယောလင်းထန်း(မဇ္စျိမ)။ ။ချင်းပြည်နယ် ၊ မတူပီမြို့နယ်အခြေစိုက် ခမရ (၁၄၀)တပ်ရင်းမှ စစ်သား ငါးဦး လက်နက်အပြည့်အစုံဖြင့် ဒီဇင်ဘာလ ၁၄ ရက်နေ့က မြို့အဝင် အထွက်ဂိတ်၌ လုံခြုံရေးဂိတ်စောင့်ရင်း ထွက်ပြေးသွားခဲ့ရာ ဒီဇင်ဘာ ၁၅ရက်နေ့တွင် ပြန်လည်ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။

''တစ်နေ့က ထွက်ပြေးသွားကြတာ၊ စစ်သား ငါးယောက်သူတို့က မြို့အထွက်ဂိတ်မှာ ကင်းစောင့်နေကြတာ။ လက်နက်အပြည့်အစုံအပြင် RPG လောင်ချာတွေပါတယ်။ ဒါပေမယ့် ဘယ်လိုဖြစ်လဲမသိဘူး ပြန်မိသွားကြတယ်။အချိတ်အဆက်မမိတာလား၊ သူတို့ဘာသူတို့ လမ်းလည်ပြီး ပြန်ဖမ်းမိတာလားမသိဘူး၊ အခုတော့ မတူပီမှာအစစ်ဆေးများနေတယ်''ဟု မတူပီဒေသခံများက ဆိုသည်။

ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများနှင့် ပတ်သက်ပြီး စစ်ကောင်စီတပ်နှင့် နီးစပ်သူများက အဆိုပါစစ်သားများသည် ထွက်ပြေးခြင်းမဟုတ်ဘဲ အရက်မူးပြီး ကင်းစခန်းမှထွက်သွားပြီး ယခုအခါကင်းစခန်းသို့ ၎င်းတို့ကိုယ်တိုင် ပြန်လည်ရောက်ရှိလာသည်ဟုလည်း သိရသည်။

မတူပီတွင် တာဝန်ကျသည့် စစ်သားများသည် အလားတူအဖြစ်မျိုး ယခင်ကလည်း ဖြစ်ဖူးခဲ့ပြီး လည်မျိုဂိတ်တွင် တာဝန်ကျသည့် စစ်သားတစ်ဦးသည် အရက်ကြောင်ပြီး လက်နက်အပြည့်စုံဖြင့် ထွက်သွားခဲ့ပြီးနောက်တောထဲတွင် ပြန်လည်တွေ့ရှိခဲ့ကြသည်ဟုလည်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required