ဝေဟင်စိုး(မဇ္စျိမ)။ ။ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ၊အနန်းပင် လေတပ်စခန်းဝင်းအား ယမန်နေ့ ဒီဇင်ဘာလ ၁၆ ရက် ည ၉နာရီအချိန်ခန့်တွင် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
" အနန်းပင်လေတပ်ကို တိုက်ခိုက်တာလို့ကြားရတယ်။ သုံးချက်တိတိ ပေါက်ကွဲသံအကျယ်ကြီးကြားရတယ်။ လေတပ်ဝင်းထဲဘာတွေဆက်ဖြစ်လည်းဆိုတာမသိပေမယ့် အသံတွေဆူညံနေတာကြားရတယ်။ အရေးပေါ် ဥဩဆွဲသံတွေနဲ့ လူနာတင်ယာဉ် ဥဩသံတွေဆူညံနေတာပဲ။ အသံကြားတာနဲ့တင် အသေအပျောက်များနိုင်တယ်"ဟု လေတပ်ဝန်းအနီး နေထိုင်သူအငြိမ်းစားဝန်ထမ်းတစ်ဦးက ပြောသည်။
ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထွက်ပေါ်လာသောပေါက်ကွဲသံအား ထိစပ်နယ်မြေများဖြစ်သည့် မြောက်ဥက္ကလာပ၊ ရွှေပေါက်ကံနှင့် မင်္ဂလာဒုံမြို့နယ်များအထိ ကျယ်လောင်စွာကြားရပြီး ပေါက်ကွဲသံ ငါးချက်နီးပါး ကြားရကြောင်းလည်း ဒေသခံများထံက သိရသည်။
''အရာရှိ လိုင်းခန်းဘက်ကို ပစ်တာဗျ။ ဖြစ်ဖြစ်ချင်း ကျွန်တော်တို့က အဲဒီအနားမှာရှိတယ်။ လေတပ်ထဲ တစ်လုံးကျတယ်၊ ဝေဘာဂီဘူတာအနောက်ဘက်ကို တစ်လုံးကျတယ်။ ထိခိုက်မှုတွေတော့ရှိတယ်။ ဆေးရုံကားတွေလည်း တွေ့နေရတယ်''ဟု လေတပ်ဝင်းအနီးရှိ ဝေဘာဂီရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မည်သည့်အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့သည်ကို ထုတ်ပြန်ထားခြင်းမရှိသေးဘဲ မဇ္စျိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
ဓာတ်ပုံ - ပုံအဟောင်း
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး