အိန္ဒိယသမုဒ္ဒရာဒေသဆိုင်ရာတရုတ်၏ ဗိုလ်ကျစိုးမိုးသော ရည်မှန်းချက်များ

အိန္ဒိယသမုဒ္ဒရာဒေသဆိုင်ရာတရုတ်၏ ဗိုလ်ကျစိုးမိုးသော ရည်မှန်းချက်များ

တရုတ်အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ (CIDCA) နှင့် ယူနန်ပြည်နယ်အစိုးရတို့သည် ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်ရေး တရုတ်-အိန္ဒိယသမုဒ္ဒရာဒေသဆိုင်ရာဖိုရမ်ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၁ရက်တွင် ကူမင်းမြို့၌ ကျင်းပခဲ့သည်။ ဖိုရမ်၏ဆောင်ပုဒ်မှာ ‘ဘုံဖွံ့ဖြိုးတိုးတက်မှု - အပြာရောင်စီးပွားရေးရှုထောင့်အရ သီအိုရီနှင့်လက်တွေ့လုပ်ဆောင်မှု’ဖြစ်သည်။ ဖိုရမ်ကို ၂၀၁၆ မှ ၂၀၁၉ ခုနှစ်အထိ အိန္ဒိယနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သောCIDCA ၏ ဥက္ကဋ္ဌ လော်ကျောင်ဟွေက ဦးဆောင်ခဲ့သည်။

ပြည်နယ် ၁၇ ခုနှင့် နိုင်ငံတကာအဖွဲ့အစည်း ၃ ခုမှ ကိုယ်စားလှယ်များက ဖိုရမ်သို့ အွန်လိုင်းမှ တက်ရောက်ခဲ့ကြကြောင်း တရုတ်အစိုးရကပြောသည်။အဆိုပါနိုင်ငံများတွင် အင်ဒိုနီးရှား၊ ပါကစ္စတန်၊ မြန်မာ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ အာဖဂန်နစ္စတန်၊ အီရန်၊ အိုမန်၊ တောင်အာဖရိက၊ ကင်ညာ၊ မိုဇမ်ဘစ်၊ တန်ဇန်းနီးယား၊ ဆေးချဲလ်၊ မာဒါဂက်စ်ကာ၊ မောရစ်ရှနှင့် ဂျီဘူတီတို့ပါဝင်သည်။

ဖိတ်ကြားချက်လက်ခံရရှိခဲ့သည့် ဩစတြေးလျနှင့်မော်လ်ဒိုက်တို့က အစည်းအဝေးကို မတက်လိုကြသော်လည်းနှစ်နိုင်ငံစလုံးမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြောင်း တရုတ်က ပြောသည်။

ဩစတြေးလျနှင့်မော်လ်ဒိုက်အစိုးရတို့က အစည်းအဝေးတက်သူများသည် တရားဝင်ကိုယ်စားလှယ်မဟုတ်ကြောင်း နောက်ပိုင်းတွင် ဖြေရှင်းချက်ထုတ်ခဲ့သည်။

အစည်းအဝေးတွင် အိန္ဒိယမပါဝင်သော်လည်း တရုတ်က အိန္ဒိယကိုလည်း ဖိတ်ခဲ့ကြောင်း ပြောသည်။ လော်ကျောင်ဟွေက အိန္ဒိယသမုဒ္ဒရာသည် အာရှ၊ အာဖရိကနှင့် သမုဒ္ဒရာပိုင်းကို ချိတ်ဆက်ပြီး တရုတ်နှင့် ကျန်ကမ္ဘာ့နိုင်ငံရှိ ဒေသများကို ဆက်သွယ်ထားသည့် အရေးပါသော ထွက်ပေါက်နှင့် လမ်းကြောင်းတစ်ခုဖြစ်ကြောင်း ဖိုရမ်၌ အလေးထားပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ‘အပြာရောင်စီးပွားရေး’ ဖွံ့ဖြိုးတိုးတက်ရန် အိန္ဒိယသမုဒ္ဒရာအတွင်းရှိ နိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်မှုနှင့် ဒေသတွင်း၌ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး ပဏာမခြေလှမ်းအကောင်အထည်ဖော်မှုတို့ကို အားကောင်းစေရန် ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း လော်ကျောင်ဟွေက ပြောသည်။

သီရိလင်္ကာနှင့် ပါကစ္စတန်အပါအဝင် ဒေသတွင်းတွင် တရုတ်နိုင်ငံ တွေ့ကြုံခဲ့ရသော အဆင်မပြေမှုများကြောင့် တရုတ်-အိန္ဒိယ သမုဒ္ဒရာဒေသဆိုင်ရာဖိုရမ်သည် ဆုံးရှုံးသွားခဲ့သော အနေအထားကို ပြန်လည်ရရှိရန် တရုတ်၏ သိသာထင်ရှားသော ကြိုးပမ်းမှုတစ်ခုဖြစ်သည်။ဒေသတွင်းတရုတ်ရင်းနှီးမြှုပ်နှံမှုသမိုင်းကြောင်းများကို ကြည့်ခြင်းအားဖြင့် ထိုအစည်းအဝေးသည် အထူးသဖြင့် တောင်အာရှနိုင်ငံများရှိ ဆိပ်ကမ်းများနှင့် အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် အိန္ဒိယသမုဒ္ဒရာဒေသ (IOR) တွင် တရုတ်၏ပါဝင်မှုကို မြှင့်တင်ရန် နောက်ထပ်ချဲ့ထွင်ရေးကြိုးပမ်းမှုအဖြစ် မှတ်ယူနိုင်သည်။

တရုတ်နိုင်ငံ၏တရားဝင်အေဂျင်စီဖြစ်သည့် CIDCA သည် အိန္ဒိယသမုဒ္ဒရာကမ်းရိုးတန်းအသင်း (IORA) တွင် အိန္ဒိယနိုင်ငံက ဆုပ်ကိုင်ထားသည့် ကြီးမားသောသြဇာလွှမ်းမိုးမှုကို တန်ပြန်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားပုံရသည်။IORAသည် အဖွဲ့ဝင် ၂၃ နိုင်ငံပါဝင်သည့် အဖွဲ့အစည်းဖြစ်ပြီး ဒေသတွင်းတွင် ကောင်းမွန်စွာ အမြစ်တွယ်လျက်ရှိသည်။တရုတ်နိုင်ငံသည် လာမည့်အနာဂတ်တွင် ထိုကဲ့သို့သော စီမံကိန်းများကို ပိုမိုလုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ရသည်။

တရုတ်သည် IOR ကဲ့သို့ ပဋိပက္ခတွင် ပြိုင်ဘက်များကို ဆန့်ကျင်သည့် လှုပ်ရှားမှုများကို ဦးဆောင်ထိန်းကျောင်းရန် စွမ်းရည်အပြည့်အဝမရှိသော်လည်း စစ်ဆင်ရေး စွမ်းရည်များမြှင့်တင်ရန် မဆုတ်မနစ် ကြိုးပမ်းမှုများက ဒေသတွင်းရှိ အဓိကနိုင်ငံများအတွက် အာရုံစိုက်စရာဖြစ်လာခဲ့သည်။ တရုတ်သည် ကြီးထွားလာနေသော စစ်ရေးစစ်ဆင်ရေးစွမ်းရည်များမှတစ်ဆင့် အင်အားကြီးမားသော စီးပွားရေးနှင့် ဗျူဟာမြောက် အသာစီးရရှိရန် မျှော်လင့်နေသောကြောင့် နိုင်ငံများက တရုတ်ကို မလွှဲမရှောင်သာ အာရုံစိုက်လာရခြင်းဖြစ်သည်။

တရုတ်အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ (CIDCA)သည်ပင်လယ်ကမ်းနီးဒေသများကို အထူးအလေးထားလျက် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ(USAID) နှင့်ယှဉ်ပြိုင်ရန် ကြိုးစားနေသော အဖွဲ့အစည်းအဖြစ် ရှုမြင်နိုင်သည်။ သီရိလင်္ကာ၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန် စသည့်နိုင်ငံများသည် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) ကြောင့် တရုတ်ကြွေးမြီထောင်ချောက်ထဲ ကျရောက်နေပြီဖြစ်သဖြင့် အဆိုပါနိုင်ငံများသည် နောက်ထပ်ချေးငွေရယူရန် မျှော်လင့်ချက်ဖြင့် CIDCA ကို မျက်စိကျနေနိုင်သည်။

တရုတ်ရေတပ်သည် မဟာဗျူဟာမြောက်စစ်တမ်းအတွက် Yuan Wangအတန်းအစား အာကာသခြေရာခံသင်္ဘောကိုအသုံးပြုလျက် အိန္ဒိယသမုဒ္ဒရာဒေသ (IOR)ကို ပုံဖော်နေကြောင်း သတင်းများတွင် ဖော်ပြထားသောကြောင့် တရုတ်စီမံကိန်းအတိုင်းအတာသည် စီးပွားရေးသက်သက်မဟုတ်ပေ။

သီရိလင်္ကာသည် တရုတ်ထံ ၉၉ နှစ် ငှားရမ်းထားသော ဟမ်ဘန်တိုတာဆိပ်ကမ်းဖြင့် ဒေသတွင်းတွင် ကြီးထွားလာသည့် တရုတ်ရေတပ်လမ်းကြောင်းအတွက် မရှိမဖြစ်လိုအပ်သော ထောက်ပံ့ပို့ဆောင်ရေးကို ပံ့ပိုးပေး နေသည်ဟု ယုံကြည်ရသည်။ ထို့ပြင် တရုတ်ရေတပ်သည် ဂျီဘူတီတွင် အင်အားခိုင်ခံ့သော ရေတပ်စခန်းချ ထားပြီးဖြစ်သည်။

အထူးသဖြင့် အခြေခံအဆောက်အအုံဆိုင်ရာဘဏ္ဍာရေးပိုင်းပံ့ပိုးမှုဖြင့် Quad အဖွဲ့၏ ကြီးမားလာသော ဩဇာလွှမ်းမိုးမှုက တရုတ်ကို နေမထိထိုင်မထိဖြစ်ဟန်ရှိသောကြောင့် တရုတ်သည် ၎င်း၏ လွှမ်းမိုးနိုင်မှုကို ဆက်ထိန်းထားရန် စိတ်အားထက်သန်လျက်ရှိသည်။ ထို့ကြောင့် တရုတ်သည် အမေရိကန်နှင့် ဒေသတွင်းရှိ လုပ်ဖော်ကိုင်ဖက်များကို တန်ပြန်ရန် အထောက်အကူဖြစ်စေမည့် အစားထိုးပလက်ဖောင်းများ သို့မဟုတ် အဖွဲ့အစည်းများကို တိုးချဲ့ရန် စိတ်အားထက်သန်နေသည်။ အိန္ဒိယသမုဒ္ဒရာသည် အိန္ဒိယပိုင်ဆိုင်သော သမုဒ္ဒရာမဟုတ်ကြောင်း တရုတ်က ထပ်ခါတလဲလဲ ပြောကြားခဲ့သည်။

တရုတ်သည် အိန္ဒိယသမုဒ္ဒရာဒေသ (IOR)မှ ရရှိမည့် ကြီးမားလှသော မဟာဗျူဟာမြောက်အကျိုးအမြတ်များကို ရယူရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေသည်မှာ ထင်ရှားသည်။ တရုတ်ကွန်မြူနစ်ပါတီသည် အိန္ဒိယသမုဒ္ဒရာ ဒေသ (IOR)တွင် စစ်ရေးမစ်ရှင်များ ဆက်တိုက်လုပ်ဆောင်ရန် ရည်ရွယ်လျက် တရုတ်နိုင်ငံ၏ စစ်ရေးစွမ်းရည်ကို မြှင့်တင်ရန် စိတ်အားထက်သန်နေသည်။

မကြာသေးမီလများအတွင်းက ဖြစ်ပေါ်တိုးတက်မှုအားလုံးကို သုံးသပ်ကြည့်ပါက တရုတ်နိုင်ငံသည် ဒေသတွင်းတွင် စီးပွားရေး၊ စစ်ရေးနှင့် နိုင်ငံရေးသြဇာလွှမ်းမိုးမှုကို ချဲ့ထွင်ရန် စိတ်ပိုင်းဖြတ်ထားကြောင်း သိသာသည်။ သို့သော် ထင်ထားသလောက် လွယ်ကူမည်မဟုတ်ပေ။ တရုတ်၏ ရန်လိုသောသဘောထားက မဟာမိတ်များနှင့် အိမ်နီးချင်း အများအပြားကို ဖိအားပေးကာ ရန်မူလျက်ရှိသည်။ ၎င်းနိုင်ငံများသည် စံတန်ဖိုးများကို ရှာဖွေနေပြီး တိုးတက်ပြောင်းလဲလာသော Quad အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှုများနှင့် အိန္ဒိယသမုဒ္ဒရာကမ်းရိုးတန်းအသင်း (IORA) ကဲ့သို့ ရှိပြီးသားအဖွဲ့အစည်းများမှ အကျိုးအမြတ်များရနေသည်။

ထိုအခြေအနေများတွင် ဒေသတွင်းကို လွှမ်းမိုးချုပ်ကိုင်ခြင်းသည် တရုတ်အတွက် လွယ်ကူသော အလုပ် မဟုတ်ပေ။ ထို့ပြင် အမေရိကန်က အင်ဒို-ပစိဖိတ်စီးပွားရေးမူဘောင်ကဲ့သို့ အစည်းအဝေးများကို လက်ခံကျင်းပခြင်းဖြင့် ဒေသတွင်းတွင် နီးကပ်စွာ ပေါင်းစည်းနိုင်ရန် ကြိုးစားလျက်ရှိသည်။ ထို့ကြောင့် တရုတ်အနေဖြင့် အိမ်နီးချင်းနှင့်နိုင်ငံငယ်များကို ဖြားယောင်းရုံမျှမကသည့် ချဉ်းကပ်နည်းကို ပြန်လည်ဆင်ခြင်ရန် နှင့် ဒေသတွင်းတွင် တခြားနိုင်ငံများနှင့်ပတ်သက်၍ ရန်လိုသဘောထားကို လျှော့ချရန် အမှန်တကယ် လိုအပ် ပေလိမ့်မည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required