တာလီဘန်လက်အောက် အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်ဟောင်းများ ခြိမ်းခြောက်မှုများခံနေရ

By The Print
16 December 2022
တာလီဘန်လက်အောက် အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်ဟောင်းများ ခြိမ်းခြောက်မှုများခံနေရ

အာဖဂန်နစ္စတန်တွင် တာလီဘန်တို့သည် ယခင်အစိုးရလက်အောက်တွင် အလုပ်လုပ်ခဲ့ကြသည့် လုံခြုံရေးအမှုထမ်းဟောင်းများကို အတင်းအကျပ် ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် ညှဉ်းပန်းနှိပ်စက်မှုများကို ဆက်လက်လုပ်ဆောင်နေသည့်အတွက် အဆိုပါ အမှုထမ်းများ၏ ဘဝသည် စိတ်မချမ်းမြေ့ဖွယ်ရာ အခြေအနေဖြစ်လာကြောင်း Afghan Diaspora Network ၏ အစီရင်ခံစာက ဖော်ပြသည်။

အာဖဂန်တွင် ယမန်နှစ် ဩဂုတ်လက အမေရိကန်နှင့် နေတိုးတပ်ဖွဲ့များ ပြန်လည်ထွက်ခွာသွားပြီးနောက် တာလီဘန်တို့က အာဏာပြန်ရသွားခဲ့သည်။

ယခင်အာဖဂန်အစိုးရလက်အောက်တွင် အလုပ်လုပ်ခဲ့သည့် လုံခြုံရေးအမှုထမ်းဟောင်းများ အတင်းအကျပ် ဖမ်းဆီးထိန်းသိမ်းခံရမှု၊ ညှဉ်းပန်းနှိပ်စက်ခံရမှုနှင့် သတ်ဖြတ်ခံရမှုဖြစ်စဉ် သတင်းတချို့လည်း ထွက်ပေါ်ထားပြီး အဆိုပါ အမှုထမ်းများ၏ ဘဝသည် စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်လာကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။

နေတိုးတပ်ဖွဲ့များ၏ အကူအညီဖြင့် တာလီဘန်တို့ကို တွန်းလှန်ခဲ့ကြသည့် အာဖဂန်ရဲတပ်ဖွဲ့၊ စစ်တပ်၊ ထောက်လှမ်းရေးနှင့် ပြည်သူ့စစ်အဖွဲ့များမှ ယခင်အမှုထမ်းဟောင်းများအပေါ် လက်ရှိအချိန်တွင် တာလီဘန်တို့က အခွင့်အရေးယူရန် ကြိုးပမ်းလျက်ရှိရာ အထက်ပါဖြစ်စဉ်အားလုံးသည် လက်တုံ့ပြန် လက်စားချေမှု၏ ရလဒ်ဖြစ်ကြောင်း AND အစီရင်ခံစာရေးသားသူ အယ်ဟာမူဒင် အာဖဂန်က ပြောသည်။

ယခင် အာဖဂန် ကာကွယ်ရေးအရာရှိဟောင်းများအနက် အများအပြားသည် အာဖဂန်နစ္စတန်မှ ပြည်ပသို့ အောင်မြင်စွာ ထွက်ခွာသွားနိုင်ခဲ့ကြပြီး အမေရိကန်၊ နေတိုးအုပ်စုမှ တာဝန်ရှိသူများနှင့် ကောင်းစွာ အဆက်အသွယ်ရခဲ့ကြသည်။ လက်ရှိတွင် အာဖဂန်မှ ထွက်ပြေးသွားနိုင်ခဲ့ကြသည့် လုံခြုံရေးအရာရှိဟောင်းများ အနက် အများအပြားသည် အနောက်နိုင်ငံများတွင် အခြေချနေထိုင်လျက် ရှိသလို တချို့လည်း နယ်စပ်ကို ဖြတ်ကာ အီရန်သို့ ရောက်ရှိသွားပြီဖြစ်သည်။

သို့သော် ၂၀၂၁ ခုနှစ်က တာလီဘန်တို့ အာဏာပြန်ရချိန်တွင် အာဖဂန်နစ္စတန်မှ ပြည်ပသို့ ထွက်ခွာနိုင်ခြင်း မရှိခဲ့သည့် ယခင်အာဖဂန်အမှုထမ်းဟောင်းများသည် ယခုအခါ မနှစ်မြို့စရာ အခြေအနေကို ရင်ဆိုင်နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required