ဘင်္ဂလားဒေ့ရှ်၌ ၁၉၇၁ ခုနှစ်က လူမျိုးတုန်းသတ်မှု ဖြစ်ပွားကြောင်းကို အသိအမှတ်ပြုရေး တက်ကြွလှုပ်ရှားသူများ တောင်းဆို

By Latestly
16 December 2022
ဘင်္ဂလားဒေ့ရှ်၌ ၁၉၇၁ ခုနှစ်က လူမျိုးတုန်းသတ်မှု ဖြစ်ပွားကြောင်းကို အသိအမှတ်ပြုရေး တက်ကြွလှုပ်ရှားသူများ တောင်းဆို

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ကျရောက်သည့် လူ့အခွင့်အရေးနေ့ မတိုင်မီ ဒီဇင်ဘာ ၈ ရက်နှင့် ၉ ရက်တို့တွင် နိုင်ငံရေးသမားများ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများနှင့် အခြားသော တတ်သိပညာရှင်များ ပါဝင်သော အဖွဲ့တစ်ဖွဲ့သည် ဘယ်လ်ဂျီယံနိုင်ငံ ဘရက်ဆဲလ်မြို့တွင် ၂ ရက်တာ ညီလာခံတစ်ရပ်ကို ကျင်းပခဲ့ကြသည်။

ထို့နောက် တတ်သိပညာရှင်များသည် ဥရောပပါလီမန်ဥက္ကဋ္ဌ ရောဘတ်တာ မတ်ဆိုလာထံ တင်ပြစာတစ်စောင် တင်သွင်းခဲ့ပြီး ထိုစာထဲတွင် ၁၉၇၁ ခုနှစ်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူမျိုးတုန်းသတ်ခံရမှုဖြစ်ပွားကြောင်းကို အသိအမှတ်ပြုရေး တောင်းဆိုထားသလို ကမ္ဘာတစ်ဝန်း ဖြစ်ပွားဆဲ လူမျိုးတုန်းသတ်မှုများကို ပြစ်တင်ရှုတ်ချရေး တောင်းဆိုခဲ့သည်။

ဘင်္ဂလားဒေ့ရှ်၌ ၁၉၇၁ ခုနှစ်က လူမျိုးတုန်းသတ်မှု ဖြစ်ပွားကြောင်းကို အသိအမှတ်ပြုရေး၊ ကမ္ဘာတစ်ဝန်း လက်ရှိ ဖြစ်ပွားနေသည့် လူမျိုးတုန်းသတ်မှု ပြစ်မှုအားလုံးအပေါ် ပြစ်တင်ရှုတ်ချရေး၊ ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာဒုက္ခသည်များ ဘေးကင်းစွာ နေရပ်ပြန်နိုင်ရေး မြန်မာအာဏာသိမ်းစစ်ကောင်စီအပေါ် အီးယူဘက်မှ ထိထိရောက်ရောက် ဖိအားပေးနိုင်ရေး ၎င်းတို့က တောင်းဆိုခဲ့ကြသည်။

လူ ၁၈၀ ကျော် လက်မှတ်ထိုးထားသည့် အဆိုပါ စာတွင် ကမ္ဘာတစ်ဝန်း မတူညီသော အစိုးရများနှင့် အုပ်စုအဖွဲ့များ ကျူးလွန်သည့် လူမျိုးတုန်းသတ်မှုဆိုင်ရာ လုပ်ရပ်အားလုံးအပေါ် ရှုတ်ချပြစ်တင်ရေး ဥရောပသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းကို တောင်းဆိုထားသည်။

၁၉၇၁ ခုနှစ် မတ်လ ၂၅ ရက်နှင့် ဒီဇင်ဘာ ၁၆ ရက်အကြားတွင် ပါကစ္စတန်စစ်တပ်နှင့် ပူးပေါင်း ဆောင်ရွက် သူများသည် ဘင်္ဂလားဒေ့ရှ်၌ ဘင်္ဂါလီလူမျိုးစုဝင်များနှင့် ဟိန္ဒူ ဘာသာရေးအဖွဲ့များအပေါ် အကွက်ချ လူမျိုးတုန်း သတ်ဖြတ် တိုက်ခိုက်မှုတစ်ရပ်ကို လုပ်ဆောင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly