အာဖဂန်နစ္စတန်တွင် တာလီဘန်တို့က လူမြင်ကွင်း၌ သေဒဏ်စီရင်ခြင်းအပေါ် အမေရိကန် ပြင်းထန်စွာ ဝေဖန်

By First Post
16 December 2022
အာဖဂန်နစ္စတန်တွင် တာလီဘန်တို့က လူမြင်ကွင်း၌ သေဒဏ်စီရင်ခြင်းအပေါ် အမေရိကန် ပြင်းထန်စွာ ဝေဖန်

အာဖဂန်နစ္စတန်တွင် အစွန်းရောက် အစ္စလမ္မစ် တာလီဘန်အဖွဲ့က လူမြင်ကွင်းတွင် သေဒဏ်စီရင်ခြင်းနှင့် ကြိမ်ဒဏ်ပေးခြင်းများ လုပ်ဆောင်မှု သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် အမေရိကန်က အဆိုပါ တာလီဘန်အဖွဲ့ကို ပြင်းထန်စွာ ပြစ်တင်ဝေဖန်လိုက်သည်။

“တာလီဘန်တွေဟာ ၁၉၉၀ ပြည့်နှစ်တုန်းက လုပ်ခဲ့တဲ့ သူတို့ရဲ့ ခေတ်နောက်ပြန်ဆွဲတဲ့ အရိုင်းအစိုင်း လုပ်ရပ်တွေကို ပြန်အသက်သွင်းဖို့ ကြိုးစားနေတယ်ဆိုတာကို ဒီလို လုပ်ရပ်တွေက ပြသနေပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ နက်ဒ် ပရိုက်စ်က ဒီဇင်ဘာ ၇ ရက် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

“တာလီဘန်တွေဟာ ရှာရီယာဥပဒေအပေါ် သူတို့ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ဥပဒေပြဋ္ဌာန်းဖို့ တရားသူကြီးတွေကို ညွှန်ကြားထားတယ်ဆိုတဲ့သတင်းတွေ ကျွန်တော်တို့ တွေ့ရတယ်။ အဲဒီထဲမှာ လူမြင်ကွင်းရှေ့ ကွပ်မျက်တာတွေ၊ ကိုယ်လက်အင်္ဂါ ဖြတ်တောက်တာတွေ၊ ကြိမ်ဒဏ်ပေးတာတွေ ပါဝင်ပါတယ်။ ဒီနေ့မှာတော့ လူမြင်ကွင်းရှေ့မှာ ကွပ်မျက်တဲ့ဖြစ်စဉ်တစ်ခုနဲ့ပတ်သက်တဲ့ သတင်းတွေ ကျွန်တော်တို့ တွေ့ရတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“ဒီလိုလုပ်ရပ်တွေက အရင်တစ်ချိန်က အာဖဂန်ပြည်သူအားလုံးရဲ့ လူ့အခွင့်အရေးတွေနဲ့ ဂုဏ်သိက္ခာအပေါ် စော်ကားမှု ဖြစ်ခဲ့သလို ခုလက်ရှိအချိန်မှာလည်း ဒါမျိုးလုပ်တာက အာဖဂန်ပြည်သူအားလုံးရဲ့ လူ့အခွင့်အရေး တွေနဲ့ ဂုဏ်သိက္ခာအပေါ် စော်ကားမှု ဖြစ်ပါလိမ့်မယ်” ဟု ပရိုက်စ်က အွန်လိုင်းပေါ် ပျံ့နှံ့လာသည့် စက်ဆုပ်ဖွယ် ကောင်းသည့် ဗီဒီယိုများနှင့်ပတ်သက်ပြီး မှတ်ချက်ပြုသည်။

“ဒါကိုကြည့်မယ်ဆိုရင် တာလီဘန်တွေအနေနဲ့ သူတို့ရဲ့ ကတိကဝတ်တွေကို ထိန်းသိမ်းဖို့ ပျက်ကွက်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြသနေတယ်” ဟု ပရိုက်စ်က ပြောသည်။

တာလီဘန်တို့သည် ၂၀၂၁ ခုနှစ် ဩဂုတ်လက အာဖဂန်နစ္စတန်တွင် ပြန်လည်အာဏာရပြီးနောက် အထူးသဖြင့် အမျိုးသမီးများနှင့် မိန်းကလေးများ၏ အခွင့်အရေးများ အပါအဝင် အခြေခံအခွင့်အရေးများအပေါ် အကြီး အကျယ် ကန့်သတ်ထိန်းချုပ်သည့် မူဝါဒများကို ချမှတ်ထားကြောင်း လူ့အခွင့်အရေးအဖွဲ့များက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly