အိန္ဒိယ-တရုတ်နယ်စပ်တစ်လျှောက် တင်းမာမှုများ အရှိန်လျှော့ချရန် ကုလအကြီးအကဲ တောင်းဆို

အိန္ဒိယ-တရုတ်နယ်စပ်တစ်လျှောက် တင်းမာမှုများ အရှိန်လျှော့ချရန် ကုလအကြီးအကဲ တောင်းဆို

အိန္ဒိယနှင့်တရုတ်တပ်ဖွဲ့ဝင်များသည် အာရူနားချားလ်ပြည်နယ် နယ်စပ် တာဝမ်အရပ်တွင် ပဋိပက္ခများဖြစ်ပွားခဲ့ကာ နှစ်ဖက်စစ်သားတချို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြပြီးရက်ပိုင်းအကြာ၌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုရူတာရက်စ်က အိန္ဒိယ-တရုတ်နယ်စပ်တစ်လျှောက် တင်းမာမှုများ အရှိန်လျှော့ချရန် ဒီဇင်ဘာ ၁၃ ရက်က တိုက်တွန်းလိုက်သည်။

တရုတ်တပ်များသည် ဒီဇင်ဘာ ၉ ရက်က အာရူးနားချားလ်ပြည်နယ် တာဝမ်ဒေသ ယန်ဆီအရပ်ရှိ နယ်စပ်ထိန်းချုပ်မျဉ်း (LAC) တစ်လျှောက်အခြေအနေကို တစ်ဖက်သတ်ပြောင်းလဲရန် ကြိုးစားခဲ့သော်လည်း အိန္ဒိယစစ်တပ်က ပြတ်ပြတ်သားသားတုံ့ပြန်ကာ မောင်းထုတ်ခဲ့ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီး ရာဂျ်နက်ဆင်းက ပါလီမန်တွင် ဒီဇင်ဘာ ၁၃ ရက်က ပြောကြားခဲ့သည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ စတက်ဖန်ဒူဂျာရစ်က တရုတ်-အိန္ဒိယနယ်စပ် ပဋိပက္ခနှင့်ပတ်သက်ပြီး “ကျွန်တော်တို့ အဲဒီသတင်းတွေ တွေ့မြင်ရပါတယ်။ နယ်စပ်မှာ ပြဿနာတွေ ထပ်မဖြစ်အောင် တင်းမာမှုတွေ လျှော့ချကြဖို့ တောင်းဆိုပါတယ်” ဟု ဆိုသည်။

နှစ်နိုင်ငံအကြား ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံးစစ်ရေးပဋိပက္ခဖြစ်ခဲ့သည့် ၂၀၂၀ ခုနှစ် ဇွန်လက ဖြစ်ပွားခဲ့သော ဂယ်ဝမ်တောင်ကြား ရန်ပွဲနောက်ပိုင်း အိန္ဒယနှင့်တရုတ်စစ်တပ်အကြား ပထမဆုံး ထိပ်တိုက်ထိတွေ့မှုဖြစ်သည်။

အာဏာရတရုတ်ကွန်မြူနစ်ပါတီ၏ ၅ နှစ်တစ်ကြိမ် ကျင်းပသော ညီလာ၌ တရုတ်သမ္မတရှီကျင်ဖျင့်က ထုံးတမ်းစဉ်လာမဟုတ်ဘဲတတိယအကြိမ်မြောက် ၅ နှစ်သက်တမ်းအတွက် ရွေးချယ်ခံရပြီးနောက် နယ်စပ်တွင် ပထမဆုံး ပဋိပက္ခဖြစ်ပွားခြင်းဖြစ်သည်။

ပန်ဂေါင်ရေကန်တစ်ဝိုက်တွင် ပြင်းထန်သော တိုက်ပွဲဖြစ်ပွားပြီးနောက် ၂၀၂၀ ခုနှစ် မေလတွင် ဖြစ်ပေါ်ခဲ့သော လိပ်ခဲတည်းလည်းအခြေအနေနောက်ပိုင်း နှစ်နိုင်ငံသည် နေရာအသီးသီးရှိ ပဋိပက္ခများကို ဖြေရှင်းရန် တပ်မှူးများအကြား ဆွေးနွေးပွဲ ၁၆ ကြိမ်ပြုလုပ်ခဲ့သည်တိုင် ဒီဇင်ဘာ ၉ ရက်က နှစ်ဖွဲ့အကြား ပဋိပက္ခထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required