မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိစေရေးအထောက်အကူပြုဌာန(MCRB) မြန်မာရုံးခွဲအား ပိတ်သိမ်း

မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိစေရေးအထောက်အကူပြုဌာန(MCRB) မြန်မာရုံးခွဲအား ပိတ်သိမ်း

001 (မဇ္စျိမ) ။ ။ လက်ရှိလုပ်ငန်းလည်ပတ်မှုပတ်ဝန်းကျင်ကို ထည့်သွင်းစဉ်းစားပြီး မြန်မာ့စီးပွားရေး ကဏ္ဍတာဝန်ယူမှုရှိစေရေးအထောက်အကူပြုဌာန (MCRB)အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ ရုံးခွဲအား ပိတ်သိမ်းရန် ဒါရိုက်တာများက ဆုံးဖြတ်ချက်ချခဲ့ကြောင်း MCRBက ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

ဘုတ်အဖွဲ့အနေဖြင့် လုပ်ငန်းလည်ပတ်မှုပတ်ဝန်းကျင်၊ ကျယ်ပြန့်သောနိုင်ငံရေးနှင့် စီးပွားရေးဝန်းကျင်များတွင် ကောင်းသောဆင့်ကဲပြောင်းလဲမှုများဖြစ်ပေါ်လာသော အချိန်ကာလတစ်ခု၌ မြန်မာနိုင်ငံတွင် ရုံးပြန်လည်ဖွင့်လှစ်နိုင်ရန် မျှော်လင့်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ရုံးပိတ်သိမ်းမည့် ဆုံးဖြတ်ချက်အရ MCRB ဝန်ထမ်းများကို အလုပ်မှ ရပ်စဲမည်ဖြစ်ပြီး ဝန်ထမ်းများအတွက် ဉပဒေရေးရာ တာဝန်ဝတ္တရားများနှင့်အညီ ဖြည့်ဆည်းဆောင်ရွက်သွားမည်ဖြစ်ကာ အခြားရွေးချယ်စရာ အခွင့်အလမ်းများကိုလည်း ကူညီရှာဖွေပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရန်ကုန်ရုံးခွဲအား ပိတ်သိမ်းမည်ဖြစ်သော်လည်း MCRB Ltd (ယူကေတွင် မှတ်ပုံတင်ထားသော ကုမ္ပဏီ) အား ကုမ္ပဏီ ၏ ရည်ရွယ်ချက်များ နှင့်အညီ ဆက်လက်လည်ပတ်သွားမည် ဖြစ်ကြောင်းလည်း အသိပေးထားသည်။

ယင်းလုပ်ငန်းများအား မစ္စ ဗစ်ကီဘိုးမန်း၏ ခေါင်းဆောင်မှုအောက်တွင် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပြီး IHRB နှင့် DIHR တို့နှင့်အတူ နီးကပ်စွာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

အဆိုပါ ဌာနသည် မြန်မာနိုင်ငံတွင် တာဝန်ယူမှုရှိ သော စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုများ ပေါ် ပေါက် လာစေရန် တိုက်တွန်းအားပေး ဆောင်ရွက်နေသည့် အဖွဲ့တစ်ခုဖြစ်ကြောင်းသိရသည်။

အဖွဲ့၏ ဦး​ဆောင်သူဖြစ်သည့် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး​ဟောင်း မစ္စဗစ်ကီဘိုးမန်းနှင့် ၎င်း၏ ခင်ပွန်းဖြစ်သူ ပန်းချီဆရာ ဦးထိန်လင်းကို အာဏာသိမ်းစစ်ကောင်စီက ပြီးခဲ့သည့် ဩဂုတ်လတုန်းက ဖမ်းဆီး​ခဲ့ပြီး နိုဝင်ဘာလတွင် ပြန်လွှတ်​ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required