အာဏာသိမ်းမှုကို ထောက်ခံကာ စစ်ကောင်စီနှင့် ပူးပေါင်းသည့် NLD အမတ်ဟောင်း နေအိမ်တွင် အသတ်ခံရ

အာဏာသိမ်းမှုကို ထောက်ခံကာ စစ်ကောင်စီနှင့် ပူးပေါင်းသည့် NLD အမတ်ဟောင်း နေအိမ်တွင် အသတ်ခံရ

မဇ္ဈိမ ။ ။ စစ်ကိုင်းတိုင်း ၊ မော်လိုက်မြို့နယ်တွင် စစ်အာဏာသိမ်းမှုကို ထောက်ခံပြီး စစ်ကောင်စီ နှင့် ပူးပေါင်းသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) လွှတ်တော် ကိုယ်စား လှယ်ဟောင်း ၎င်း၏ နေအိမ်တွင် သတ်ဖြတ်ခံရကြောင်း ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ရက်နေ့က NLD အမတ်ဟောင်း ဦးဘိုသိန်းအား ၎င်း၏ နေအိမ်တွင် သေနတ်ဖြင့်ဝင်ရောက်ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး မည်သည့်လူပုဂ္ဂိုလ်၊ အဖွဲ့ အစည်းက လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ကို မသိရှိရသေးပေ။

“စစ်ကောင်စီနဲ့ပေါင်းတာမှန်တယ်။ ဂျီဝမ်း(ဗိုလ်မှူးကြီး) နဲ့ပေါင်းပြီး ရွှေမျော တွေလုပ်တာ လည်းအမှန်ပဲ။ ဒလန်လုပ် သတင်းပေးလို့သတ်တာလား။ ဒါမှမဟုတ် သူရဲ့ ကလိမ်က ကျစ်လုပ်ပြီး မောက်မာ ရိုင်းစိုင်းတဲ့ အကျင့်စရိုက်တွေကြောင့် စီးပွားရေး လုပ်ဖော်ကိုင်ဖက်တွေက သတ်တာလား ဆိုတာသေချာပြောလို့မရဘူး” ဟု ဒေသခံသတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

ဦးဘိုသိန်းသည် စစ်ကောင်စီတပ်နှင့်ပူးပေါင်း၍ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသူဖြစ်ပြီး တော်လှန်ရေးအင်အားစုများ၏ သတင်းများကိုလည်း စစ်ကောင်စီတပ်ဖွဲ့ ထံပေးပို့ကြောင်း ဒေသခံများထံက သိရသည်။

ဦးဘိုသိန်းကို ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်အရန်အဖြစ် မြို့နယ်မှ ရွေးချယ်ခဲ့သော်လည်း ဗဟိုအဆင့်မှ ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခဲ့သည့်အတွက် စစ်ကိုင်းတိုင်ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်လာခဲ့သူဖြစ်သည်။

ထိုသို့ရွေးချယ်ခံရပြီး ကိုယ်စားလှယ်တာဝန်ထမ်းဆောင်ခဲ့သည့် ငါးနှစ်တာ ကာလတွင် ပြည်သူများ ဘက်မှ ရပ်တည်ခြင်းမပြုဘဲ ဌာနဆိုင်ရာများ၊ ကုမ္ပဏီများနှင့် ပူးပေါင်း၍ ကိုယ်ကျိုးရှာခဲ့သူဖြစ်ကြောင်း သိရသည်။

ဦးဘိုသိန်း၏ လုပ်ရပ်များကြောင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် NLD ပါတီ၏ ကိုယ်စားလှယ်အဖြစ်ရွေးချယ် မခံရသည့်အတွက် ပါတီမှနုတ်ထွက်ကာ တစ်သီးပုဂ္ဂလ အဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သူဖြစ်သည်။

အသက် (၅၆) နှစ်ဝန်းကျင်ရှိ ဦးဘိုသိန်း သေဆုံးချိန်တွင် ဇနီးနှင့် ကလေးများ ကျန်ရစ်ခဲ့ကြောင်းသိရသည်။

စာတည်း။ ။မောင်ကောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required