အရာတော်မြို့နယ်် ငွေတွင်းရွာက စစ်ကောင်စီတပ်ကို PDF ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်

အရာတော်မြို့နယ်် ငွေတွင်းရွာက စစ်ကောင်စီတပ်ကို PDF ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်

နောင်နောင် (မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြိုနယ်၊ ငွေတွင်းရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ၁၂၀ မမ၊ ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု တိုက်ခိုက်ရာတွင်ပါဝင်သော မြင်းမူ MMUPDF က မဇ္ဈိမကို ပြောသည်။

ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့၌ လက်နက်ကြီးများဖြင့် အချက် ၃၀ ကျော် ပစ်ခတ်ရာတွင် ထိခိုက်သေဆုံးသူ ရှိနိုင်သော်လည်း အရေအတွက်ကို အတည်မပြုနိုင်ကြောင်း ၎င်းက ပြောသည်။

“အချက် ၃၀ ကျော်ပစ်တာ ခုနစ်ယောက် ရှစ်ယောက်လောက် ဒဏ်ရာရနိုင်ပါတယ်” ဟု MMUPDF တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

အဆိုပါ ငွေတွင်းရွာတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းတပ်ဖွဲ့ အင်အား ၄၀ ခန့်ဖြင့် လွန်ခဲ့သည့် တစ်နှစ်ကျော်ကတည်းက တပ်စွဲနေရာယူထားခြင်း ဖြစ်သည်။

“ပျူစောထီးတွေ အင်အားကောင်းတယ်၊ ကွမ်းတွေ၊ တခြားသီးနှံတွေအတွက်လည်း ဆက်ကြေးလိုမျိုး အတင်းတောင်းတာတွေ လုပ်တယ်” ဟု ကာကွယ်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

ငွေတွင်းကျေးရွာသည် အရာတော်မြို့နှင့် ခြောက်မိုင်ခန့်အကွာတွင် တည်ရှိပြီး ထိုရွာ၏ အရှေ့ဘက်ရှိ စပါးတွင်းရွာနှင့် ကဲဘာရွာများသည် ပျူစောထီးများ အားကောင်းသော ကျေးရွာဖြစ်သည်။

ငွေတွင်းကျေးရွာ စစ်ဆင်ရေးကို မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MMUPDF) ၊ Ngwe Dwin Rvolution Force (NDRF) ၊ မော်ကွန်းသစ် PLA၊ မုံရွာတပ်ဖွဲ့၊ စတားလုံး၊ Masi Naw (ငရဲမီး) ပြောက်ကျားတပ်ဖွဲ့၊ စစ်ကိုင်းခရိုင် အမှတ် (၆) ၊ အမှတ် (၇) ၊ အမှတ် (၂၁) အပါအဝင် မြင်းမူမြို့နယ် ပ.က.ဖ. တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာပြည်အလယ်ပိုင်းဒေသ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်များတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့အကြား နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required