နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၆ ဒီဇင်ဘာ ၂၀၂၂)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၆ ဒီဇင်ဘာ ၂၀၂၂)

အမျိုးသားညီညွတ်ရေး အစိုးရ

· Burma Act ပါဝင်သည့် အမေရိကန်အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့် အက်ဥပဒေ(NDAA)မူကြမ်းကို အမေရိကန်အထက်လွှတ်တော်အတည်ပြုမှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ဒီဇင်ဘာ ၁၆ ရက်က ကျေးဇူးတင်ကြောင်း ထုတ်ပြန်လိုက်သည်။

· အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးကို ဒီဇင်ဘာ ၁၅ ရက်က ကျင်းပ ပြုလုပ်ခဲ့ပြီး ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တော်လှန်ရေး ဖြစ်စဉ်ကို အနာဂတ်ကာလများမှာ အရှိန်အဟုန်ဖြင့် ပြောင်းလဲမှုကြီး ဖြစ်ပေါ်တိုးတက်ရန် အားလုံး အတွက် အခွင့်အလမ်းအဖြစ် သတ်မှတ်ကာ အစွမ်းကုန်ကြိုးစား ဆောင်ရွက်ရန် တိုက်တွန်းပြောသည်။

· အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ (NDAA) မူကြမ်းကို အမေရိကန်အထက်လွှတ်တော်က အတည်ပြုလိုက် ကြောင်း NUG ဝန်ကြီး ဦးအောင်မျိုးမင်းက လူမှုကွန်ရက်တွင် ရေးသားထားသည်။

· ပင်လယ်ထဲမျောပါနေသည့် ရိုဟင်ဂျာဒုက္ခသည်‌များကို မြန်မာနိုင်ငံက စစ်ကောင်စီထံကို အတင်း အကျပ်ပြန်ပြီး ပို့ဆောင်နေသည်နှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေး ဝန်ကြီးဌာနက ဒီဇင်ဘာ ၁၆ ရက်က ကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်သည်။

· အကြမ်းဖက်စစ်ကောင်စီတပ်သည် ကမ္ဘာပေါ်တွင် နောက်ထပ်မြောက်ကိုရီးယားလို နိုင်ငံတစ်နိုင်ငံ ထပ်ပေါ်အောင် လုပ်နေခြင်း ဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဆာဆာက စပိန်သတင်းစာ EL ESPAÑOL နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားလိုက်သည်။

· ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်အပေါ် ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်း နှင့် ဧရာဝတီတိုင်းတို့မှ CRPH ကိုယ်စားလှယ်များကို ရှင်းလင်းတင်ပြသည့် အစည်းအဝေးကို ဒီဇင်ဘာ ၁၅ ရက်က ဗီဒီယိုကွန်ဖရင်ကတစ်ဆင့် ပြုလုပ်ခဲ့သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

· NUG ၊ NUCC နှင့် CRPH ကို ထောက်ခံရန်၊ PDF နှင့် EAO များကို နည်းပညာ အကူအညီ ပေးရန်၊ MOGE ၊ စစ်တပ်၏ ဝင်ငွေများကို ပိတ်ဆို့ရန် ပါဝင်သည့် အမေရိကန် အမျိုးသားကာကွယ်ရေး ဥပဒေကို အမေရိကန်အထက်လွှတ်တော်က အတည်ပြုလိုက်ပြီး အမေရိကန်သမ္မတ ဘိုင်ဒင်က လက်မှတ်ထိုး ထုတ်ပြန်ရန်သာ ကျန်ရှိတော့ကြောင်း သိရသည်။

· Burma Act ပါဝင်သည့် အမေရိကန်အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်အက်ဥပဒေ (NDAA) မူကြမ်းသည် အကြမ်းဖက် စစ်ကောင်စီကို ရာဇသံပေးပြီး နောက်ဆုံးသတိပေးလိုက်ခြင်း ဖြစ်သည်ဟု အမေရိကန်၊ Carleton College နိုင်ငံရေးသိပ္ပံဌာန၏ ပါမောက္ခ ဒေါက်တာထွန်းမြင့်က ဧရာဝတီ သတင်းဌာ၏ မေးမြန်းမှုကို မှတ်ချက်ပြု ပြောကြားခဲ့သည်။

· နိုင်ငံတကာရာဇဝတ်မှုခုံရုံး (ICC) အနေဖြင့် မြန်မာနိုင်ငံက အကြမ်းဖက်စစ်ကောင်စီက ၎င်းတို့ကျူး လွန်နေသည့် ပြစ်မှုများကနေ ကင်းလွတ်ခွင့်ရနေသည်ကို ချက်ခြင်း အဆုံးသတ်စေပြီး ချက်ခြင်း အရေးယူသင့်နေပြီဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က အစီရင်ခံစာ တစ်စောင် ထုတ်ပြန်လိုက်သည်။

· ကုလသမဂ္ဂညီလာခံများတွင် မြန်မာနိုင်ငံကိုယ်စားပြုနေရာအတွက် အကြမ်းဖက် စစ်ကောင်စီကို ငြင်းဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ နှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ကို ကိုယ်စားပြုခွင့် ပေးလိုက်သည့်အပေါ် ဗြိတိန်အခြေစိုက် Myanmar Accountability Project (MAP) အဖွဲ့က ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

· အကြမ်းဖက်စစ်ကောင်စီ၏ မတရား သေဒဏ်ချမှတ်ခံရသည့် ဒဂုံတက္ကသိုလ်ကျောင်းသားများနှင့် တစ်သားတည်း ရပ်တည်ကြောင်း ဆန္ဒပြမှုကို ဂျပန်နိုင်ငံတွင် ယမန်နေ့က ပြုလုပ်ခဲ့သည်။

· အကြမ်းဖက်စစ်ကောင်စီအဖွဲ့အခြေစိုက်ရာ နေပြည်တော်၊ ပျဉ်းမနားမြို့၊ နန်းစိန်ကိတ်ဆိုင်အနီးတွင် ဒီဇင်ဘာ ၁၅ ရက်၊ ညနေ ၆ နာရီခန့်က ဗုံး ၂ လုံး ပြင်းထန်စွာပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။

· ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ BPI ဆေးဝါးစက်ရုံအနီးရှိ အကြမ်းဖက်နှိမ်နင်းရေးတပ်ထဲသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံးဖြင့် ဒီဇင်ဘာ ၁၅ ရက်၊ ည ၈ နာရီခွဲခန့်က မြို့ပြ UG များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပစ်ခတ်ခံရသည့် တပ်အတွင်းသို့ ဆေးရုံကားတချို့ ဝင်ရောက်သွားသဖြင့် စစ်သားထိခိုက်သေဆုံးမှု ရှိနိုင်သည်ဟု ဒေသပြည်သူများက ပြောသည်။

· ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ် သပိတ်စစ်ကြောင်း ဦးဆောင်ကာ ဒီဇင်ဘာ ၁၆ ရက်တွင် အကြမ်းဖက် စစ်အာဏာရှင်တော်လှန်ရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။

· ယင်းမာပင်မြောက်ခြမ်း ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ဒီဇင်ဘာ ၁၆ ရက်တွင် စစ်အာဏာ ရှင်တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြသည်။

· စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ပျူစောထီးစခန်းကို ဒီဇင်ဘာ ၁၅ ရက်၊ ညနေ ၅ နာရီခန့်က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁၅ ဦး သေဆုံးသွား ကြောင်း မြန်မာ့တော်ဝင် နဂါးတပ်တော် (MRDA) တပ်ဖွဲ့ထံမှ သိရသည်။

· စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်သည် အင်းတော်မြို့နယ်သို့ ပြီးခဲ့သည့်ရက်ပိုင်းက ဝင်ရောက်လာပြီး ဒီဇင်ဘာ ၁၆ ရက်၊ နေ့လယ်ပိုင်းတွသ် အင်းတော်မြို့နယ် ဂျုံးဂျကျေးရွာသစ်ကို မီးစရှို့နေသည် ဟု အင်းတော်ပြည်သူ့ကာကွယ်ရေးတပ် (PDF) ရဲဘော်က ပြောသည်။

· စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်တွင်းချောင်ဒေသရှိ ပျူစောထီးကြီးစိုးရာ ကျော်ရွာအား တစ်ပတ်အတွင်း ငါးကြိမ်တိုက်ခိုက်ရာ ပျူစောထီးတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများရှိကြောင်း ရွှေတြိဂံပြည်သူ့ကာကွယ်ရေးတပ်ရင်းGTF က သတင်းထုတ်ပြန်သည်။

· စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် မြောက်ပိုင်း၊ နန်းချောင်းကျေးရွာကို မီးရှို့ဖျက်ဆီးပြီး နှစ်ရက်ကြာ တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် Hyenas Survey Corps (HSC) မဟာမိတ်တပ်ပေါင်းစုတို့ ဖြစ်ပွားခဲ့သည့် အပြန်အလှန် ပစ်ခတ်မှု ရုပ်သံကို ပူးပေါင်းတပ်ပေါင်းစုက ဒီဇင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်ထားသည်။

· စစ်ကိုင်းတိုင်း ၊ ကန့်ဘလူ မြို့နယ် နှင့် ကောလင်းမြို့နယ် အစပ်ရှိ ကျေးရွာများအား ဒီဇင်ဘာ ၁၅ ရက်၊ နေ့လယ်ပိုင်းက တစ်ရွာဝင်တစ်ရွာထွက် မီးလိုက်ရှို့နေသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက် ခံရ ကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။

· စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် အခြေစိုက် Ranger Kalay Defend Force-RKDF တပ်ဖွဲ့က ကျည်၊ ခဲယမ်း လိုအပ်ချက် ဖြည့်တင်းနိုင်ရေးအတွက် “ ပြည်သူ့ဆွဲကြိုး ရဲဘော်ကျည်ဖိုး ” အမည်ဖြင့် ကံစမ်းမဲ အစီ အစဉ် ပြုလုပ်လျက် ရှိသည်။

· စစ်ကိုင်းတိုင်း အထက်ပိုင်း ၊ ကသာခရိုင်၊ အင်းတော်မြို့နယ်သို့ စစ်ကောင်စီတပ်သားများ ထပ်မံ စစ်ကြောင်း ထိုးဝင်လာ၍ ဒေသခံများအနေဖြင့် ပျက်စီးဆုံးရှုံးမှု နည်းအောင် ကြိုတင်ပြင်ဆင်ကြရန် Indaw Revolution (IR) မှ ယနေ့ ဒီဇင်ဘာ ၁၅ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

· စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင်တပ်ရင်း၊ သံမဏိတပ်ရင်းအတွက် လိုအပ်လျက်ရှိသော ကာကွယ်ရေးသုံး ပစ္စည်းများ နှင့် အခြားလိုအပ်မှုများ ဖြည့်တင်းနိုင်ရန်အတွက် ကံစမ်းမဲလက်မှတ်များဝယ်ယူပြီး ပါဝင်ကြရန် သံမဏိ Force - MPDF Battalion က ဖိတ်ခေါ်ထားသည်။

· စစ်ကိုင်းတိုင်း ၊ တမူးမြို့တွင် စစ်အာဏာရှင်လက်အောက်မှ ရုန်းထွက်ပြီး CDM ပြုလုပ်ခဲ့သော ဝန်ထမ်းများကို ထောက်ပံ့ကူညီသည့် CDM Support team အဖွဲ့ဝင် တချို့ဖမ်းဆီးခံခဲ့ရပြီး အခြားအဖွဲ့ဝင်များကို ဖမ်းဆီးရန် လိုက်လံရှာ‌ဖွေနေကြောင်း တမူးမြို့ခံတစ်ဦးက ပြောသည်။

· မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ဒီဇင်ဘာ ၁၅ ရက်၊ နံနက်ပိုင်းက စစ်ကောင်စီတပ် နှင့် ဒေသ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၄ ဦး သေဆုံးကာ ၇ ယောက် ဒဏ်ရာရရှိခဲ့သည်ဟု Urban Underground Revolution Force (ရေစကြို)ထံက သိရသည်။

· မကွေးတိုင်း၊ မင်းတုန်းမြို့နယ်ရှိ စစ်ကောင်စီသတင်းပေးဟုဆိုသူ တစ်ဦးကို ယမန်နေ့က ပစ်ခတ်လိုက်ကြောင်း သရက်၊ ကံမ၊ မင်းတုန်း ပူးပေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(EAGLE FORCE)က သတင်းထုတ်ပြန်သည်။

· မကွေးတိုင်း၊ ထီးလင်းမြို့နယ် ရွှေအောင်သာရွာမှ ထီးလင်းဘက်သို့ ထွက်လာသည့် စစ်ကောင်စီ စစ်ကြောင်းသည် ညောင်ဟောင်းကျေးရွာအနီးတွင် ကင်းထောက်အဖွဲ့ နှင့် ဒီဇင်ဘာ ၁၄ ရက်က ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီဘက်က လေးဦး သေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိသူများရှိကြောင်း YRA-ထီးလင်းအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

· မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ အဆင့်မြင့်ရဲစခန်းကို ဒီဇင်ဘာ ၁၅ ရက်၊ ညနေ ၄ နာရီကျော်ခန့်က ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေး ပြောက်ကျားများက လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲနှစ်ဦး သေဆုံးနိုင်ကြောင်း တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့် Never Give Up Fox Force (NGU:FF) မြေခွေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

· တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကျေးရွာတစ်ရွာတွင် တော်လှန်ရေးလူငယ်များက ဒီဇင်ဘာ ၁၆ ရက် ၊ နံနက် အစောပိုင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဟောပြောခြင်းများ၊ လက်ကမ်း စာစောင်ဖြန့်ဝေခြင်းများ နှင့် အကြမ်းဖက်စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်လှုပ်ရှား ကြသည်။

· 'နန်းထိုက်အောင်စစ်ဆင်ရေး' အဖြစ် တောင်ငူမြို့နယ်ရှိ ဇီးပင်သာကျေးရွာမှ စစ်ကောင်စီ ခန့် အုပ်ချုပ်ရေးမှူး ဇော်ခင်အား တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)၊ တပ်ခွဲ -၁ (ပါဝါအဖွဲ့ နှင့် ပူးပေါင်းအဖွဲ့) တို့က ပစ်ခတ်လိုက်ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက ယနေ့ ထုတ်ပြန်သည်။

· ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်ရှိ လျှပ်စစ်ဓာတ်အားခွဲရုံတွင် ဒီဇင်ဘာ ၁၅ ရက်၊ ညပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားကာ ထရန်စဖော်မာ ၃ လုံးပျက်စီးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

· ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အာရှလမ်းမကြီးပေါ် ကော့နွဲ့ကျေးရွာ အနီး တောနော်ရေတံခွန် ပတ်ဝန်းကျင်တွင် ရှိနေသော တံတားတစ်ခု ယနေ့ နံနက်ပိုင်းက မိုင်းခွဲခံရပြီး ပျက်စီးသွားသဖြင့် ကားများ သွားမရတော့ကြောင်း ဒေသပြည်သူများ နှင့် ခရီးသွားပြည်သူများက ပြောသည်။

· မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ စစ်ကောင်စီ၏ အမြောက်တပ်ကို ရေးဘီလူးအဖွဲ့က ဒီဇင်ဘာ ၁၆ ရက်၊ နံနက် ၉ နာရီခွဲခန့်က သွားရောက်ပစ်ခတ်မှု ပြုလုပ်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများ ရှိနိုင်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

· ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ အောင်ပန်းမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ဆက်စပ် နေသည်ဟုဆိုကာ လူငယ် ၁၂ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသခံများထံက သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

· ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လှိုင်း၀ ၊ ငါးတိုင်၊ ကျုံဒိုး စစ်ကောင်စီ တပ်စခန်းများကို ဒီဇင်ဘာ ၁၆ ရက်၊ နံနက်ပိုင်းက စတင်ပြီး Lion Battalion Commando Special Force စစ်ကြောင်းက ဦးဆောင်ပြီး KNLA ၊ PDF ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ရာ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် စစ်တပ်ဘက်မှ ၄ ဦးသေဆုံးကြောင်း Lion Battalion Commando Special Force စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

· ကရင်ပြည်နယ်၊ KNU တပ်မဟာ (၅) ထိန်းချုပ်နယ်မြေ၊ ဖာပွန်ခရိုင်တွင် KNU နှင့် စစ်ကောင်စီတပ် တို့အကြား ဒီဇင်ဘာ ၁၃ ရက်တွင် တိုက်ပွဲ ငါးကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က ဒုတပ်ရင်းမှူး တစ်ဦး ဒဏ်ရာရခဲ့ပြီး နှစ်ဦးသေဆုံးသွားကြောင်း KNU တပ်မဟာ (၅) ထံမှ သိရသည်။

· စစ်ကောင်စီတပ် နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PSLF/TNLA တို့အကြား ဒီဇင်ဘာ ၇ ရက်မှ ၁၂ ရက်ထိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ သေဆုံးသူ ၁၅ ဦးသေဆုံးပြီး နှစ်ဦး ဖမ်းဆီးခံရကြောင်း TNLA တပ်ဖွဲ့ထံမှ သိရသည်။

· တအာင်းဒေသ နမ့်ဆန်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင် နေရ သည့် ဒေသခံတချို့ နေရပ်ပြန်လာခဲ့ကြသည်ဟု တအာင်းတပ်မတော် (PSLF/TNLA) ၏ သတင်းနှင့် ပြန်ကြာရေးဌာနမှ သတင်းထုတ်ပြန်ထားသည်။

· ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြိုနယ်၊ စံပြ (၆) မိုင် နှင့် ဘက်သလိန်ကျေးရွာဘက်ကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးခဲ့သည့်အတွက် ဒီဇင်ဘာ ၁၃ ရက်က ကရင်နီအမျိုးသားများ ကာကွယ်ရေး တပ် KNDF/B09 နှင့် ထိတွေ့တိုက်ပွဲ (၃) ကြိမ်ဖြစ်ပွားခဲ့ပြီး အဆိုပါ ထိတွေ့တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ဒဏ်ရာရမှု (၃၀)ဦးခန့် ရှိခဲ့ကြောင်း ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ယနေ့ ထုတ်ပြန်သည်။

စစ်ကောင်စီ

· စစ်ကောင်စီက လျှို့ဝှက်ဝယ်ယူထားသော ရုရှား တိုက်ခိုက်ရေး နှင့် ဘက်စုံသုံး Kamov KA-28 Helix ရဟတ်ယာဉ် ၂ စီး၊ SU-30 တိုက်လေယာဉ်များ၊ တရုတ် FTC 2000 G လေယာဉ်များကို စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က လေတပ် ၇၅ နှစ် ပြည့် စိန်ရတုနေ့တွင် တက်ရောက်ပြီး ထုတ်ပြခဲ့သည်။

· မြန်မာစစ်တပ်အနေဖြင့် ဝေဟင်၊ မြေပြင်၊ ရေပြင် နှင့် ရေအောက် Dimension လေးခု စလုံးတွင် စွမ်းအားပြည့် စစ်ဆင်နိုင်တော့မည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီဇင်ဘာ ၁၅ ရက်က မိတ္ထီလာ တပ်နယ်ရှိ လေကြောင်း အတက်သင် လေတပ်စခန်းဌာနချုပ်တွင် ကျင်းပသည့် စစ်ကောင်စီလေတပ် ၇၅ နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့ အခမ်းအနားတွင် ကြွားလုံးထုတ်သည်။

· မြန်မာနိုင်ငံအစိုးရ နှင့် ကုလသမဂ္ဂစီမံကိန်း ဝန်ဆောင်မှုရုံးတို့ကြား လက်ရှိ နှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်ရန် ကိစ္စများကို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင် နှင့် ဗန်ကောက်မြို့ အခြေစိုက် ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှုရုံး၏ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာ ဆန်ဂျေးမာသာတို့ ဒီဇင်ဘာ ၁၅ ရက်က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

· မန္တလေး နှင့် စစ်ကိုင်းတိုင်းတို့မှ ငလျင်ဒဏ်ကြောင့်ပျက်စီးသွားသည့် စေတီပုထိုးတော်များ နှင့် ရှေးဟောင်းအဆောက်အဦးများအား အမြန်ဆုံးပြုပြင်ထိန်းသိမ်းသွားမည်ဖြစ်သည်ဟု စစ်ကောင်စီ လက်အောက်ခံ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။

· တစ်ပတ်တွင် သုံးရက်ပြေးဆွဲပေးနေသည့် ရန်ကုန်-မန္တလေး အမှတ်(၅) အဆန်/အမှတ်(၆)အစုန် လေအိတ်ရထား ခရီးစဉ်ကို ဒီဇင်ဘာ (၂၁) ရက်ကနေ ဇန်နဝါရီ (၂) ရက်အထိ ကာလတိုအနေဖြင့် နေ့စဉ်ပြေးဆွဲပေးသွားမည် ဖြစ်သည်ဟု စစ်ကောင်စီ လက်အောက်ခံ မြန်မာ့မီးရထားကနေ သိရသည်။

· ယခု၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပုလဲထုတ်လုပ်မှုအနေဖြင့် လျာထားချက်ထက် ပိုမိုထုတ်လုပ်နိုင်မည် ဖြစ်သည်ဟု စစ်ကောင်စီ လက်အောက်ခံ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းကနေ သိရသည်။

· NLD အစိုးရ၏ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်ကို ဖမ်းဆီးပြီး ၂ နှစ်ပြည့်ခါနီးမှာ မန္တလေး အိုးဘိုထောင်တွင်း စစ်ကောင်စီတရားရုံးက ထောင်ဒဏ် နှစ် ၂၀ ချလိုက်ကြောင်း စစ်ကောင်စီ တရားရေးအသိုင်းအဝိုင်းကနေ စုံစမ်းသိရသည်။

ဒီဇင်ဘာ ၁၆ ရက် သုံးသပ်ချက်

· နိုင်ငံတကာအနေဖြင့် စစ်ကောင်စီကို အသိအမှတ်မပြုဘဲ ဖိအားပေးမှုများ ပိုမိုလုပ်ဆောင်လာသည်ကို တွေ့ရသည်။ ယခုလည်း NUG ၊ NUCC နှင့် CRPH ကို ထောက်ခံရန်၊ PDF နှင့် EAO များကို နည်းပညာ အကူအညီ ပေးရန်၊ စစ်ကောင်စီ၏ ဝင်ငွေရလမ်းများကို ပိတ်ဆို့ရန် ပါဝင်သည့် အမေရိကန် အမျိုးသား ကာကွယ်ရေး ဥပဒေကို အမေရိကန်အထက်လွှတ်တော်က အတည်ပြုလိုက်ပြီ ဖြစ်သည့်အတွက် စစ်ကောင်စီကို ပိုမိုဖိအားပေးလာနိုင်တော့မည် ဖြစ်သည်။

· နိုင်ငံတစ်ဝန်း လေကြောင်းကနေ အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်နေသည့် စစ်ကောင်စီသည် လျှို့ဝှက်ဝယ်ယူထားသော ရုရှား တိုက်ခိုက်ရေး နှင့် တိုက်လေယာဉ်များကို ထုတ်ပြပြီး စစ်ကောင်စီ ခေါင်းဆောင်က ဝေဟင်၊ မြေပြင်၊ ရေပြင် နှင့် ရေအောက် လေးခုစလုံးတွင် စစ်ဆင်နိုင်တော့မည်ဟု မစားရ ဝခမန်း အရှက်မဲ့စွာ လေလုံးထွားပြနေသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly