ဒေါ်လာရည်ညွှန်းဈေး ပြင်ဆင်ရန်မရှိဟု စစ်ကောင်စီလက်အောက်ခံ  ဗဟိုဘဏ်ထုတ်ပြန် 

ဒေါ်လာရည်ညွှန်းဈေး ပြင်ဆင်ရန်မရှိဟု စစ်ကောင်စီလက်အောက်ခံ  ဗဟိုဘဏ်ထုတ်ပြန် 

မေဘယ်လ်သူ(မဇ္ဈိမ)။ ။စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်အနေဖြင့် အမေရိကန် တစ်ဒေါ်လာလျှင် ၂၁၀၀ကျပ် သတ်မှတ်ထားပြီး အဆိုပါရည်ညွှန်းဈေးအား ပြင်ဆင်ရန် မရှိဟု ဆိုသည်။

ပြင်ပဒေါ်လာဈေးကွက်တွင် ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်း ပြောင်းလဲ မည်ဆိုသည်မှာ ကောလာဟလ သာဖြစ်သည်ဟု  ဒီဇင်ဘာ ၁၅ရက် ရက်စွဲဖြင့် ဗဟိုဘဏ်က ထုတ်ပြန်သည်။ 

ထို့အပြင် စက်သုံးဆီကုမ္ပဏီများက Financing (ငွေကြေးထောက်ပံ့မှု) ရယူထားသည့် ငွေများ ပြန်လည်ပေးဆပ်ရန် အကြောင်းပြချက်ဖြင့် ပြင်ပဒေါ်လာလဲလှယ်သူများက ဒေါ်လာဈေးမြှင့်တင်ရန် လိုက်လံဝယ်ယူမှုများရှိနေပြီး ဈေးကစားရန် ဆောင်ရွက် နေကြောင်း ဆိုထားသည်။ 

"ဒေါ်လာဈေးက ပြင်ပမှာလည်း အရောင်းအဝယ်အေးနေတယ်။ နောက်တစ်ခုက လက်ရှိ ပို့ကုန်သွင်းကုန်ဘက်မှာလည်း ဘတ်၊ ရူဘယ် တွေနဲ့ပေးချေဖို့ လုပ်နေတော့ စကစ အနေနဲ့က ရည်ညွှန်းဈေးကတော့ ပြောင်းမှာမဟုတ်ဘူး" ဟု စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောဆိုသည်။

ဗဟိုဘဏ်အနေဖြင့် ပြည်ပလုပ်ခလစာ ငွေလွှဲဝင်ရောက်မှုများမှ ၄၅ ရက်အတွင်း အမေရိကန်ဒေါ်လာ ၁၀၈ သန်းကို  ဈေးကွက်တွင် ရောင်းချပေးခဲ့ပြီး ဆက်လက် ရောင်းချပေးမည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ 

ဗဟိုဘဏ်အနေဖြင့် ယခင် ရည်ညွှန်းငွေလဲနှုန်းကို အမေရိကန်တစ်ဒေါ်လာလျှင် ၁၈၅၀ကျပ်  သတ်မှတ်ရာမှ ယခုနှစ် ဩဂုတ်လတွင် ၂၁၀၀ ကျပ်သို့ ပြောင်းလဲသတ်မှတ်ခဲ့သည်။

စာတည်း။   ။မောင်ကောင်း 

#ဒေါ်လာ
#ရည်ညွှန်းဈေး
#ဗဟိုဘဏ် 
#ပြင်ဆင်ရန်မရှိ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required