ဥရောပသမဂ္ဂသို့ အဝတ်အထည်တင်ပို့မှုတွင် ဘင်္ဂလားဒေ့ရှ်က တရုတ်ကို ကျော်တက်

ဥရောပသမဂ္ဂသို့ အဝတ်အထည်တင်ပို့မှုတွင် ဘင်္ဂလားဒေ့ရှ်က တရုတ်ကို ကျော်တက်

ဥရောပသမဂ္ဂ (အီးယူ) သို့ ဘင်္ဂလားဒေ့ရှ်မှ အဝတ်အထည်များ တင်ပို့ရောင်းချမှုသည် ၂၀၂၂ ခုနှစ် ဇန်နဝါရီမှ သြဂုတ်လအတွင်း တရုတ်ကိုသာမက ကမ္ဘာပေါ်ရှိ အဓိက တင်ပို့ရောင်းချသူများ အားလုံးထက် သာလွန်ခဲ့ကြောင်း Eurostat ကနောက်ဆုံးထုတ်ပြန်သည့် အချက်အလက်များက ဖော်ပြနေသည်။

လူဇင်ဘတ်အခြေစိုက် ဥရောပကော်မရှင်၏ ညွှန်ကြားမှုဦးစီးဌာန Eurostat သည် အဓိကအားဖြင့် အီးယူ၏ အဖွဲ့အစည်းအသီးသီးသို့ ကိန်းဂဏန်းအချက်အလက်များကို ပေးပို့ပေးသည်။

အီးယူက ကမ္ဘာတစ်ဝန်းမှ ဒေါ်လာ ၆၇ ဒသမ ၁၈ ဘီလီယံတန်ဖိုးရှိ အဝတ်အထည်များကို တင်သွင်းခဲ့ရာ ဘင်္ဂလားဒေ့ရှ်မှ အဝတ်အထည် တင်ပို့မှုသည် ဇန်နဝါရီမှ သြဂုတ်လအတွင်း ဒေါ်လာ ၁၅ ဒသမ ၃၇ ဘီလီယံအထိရှိလာကာ နှစ်အလိုက်နှိုင်းယှဉ်ပါက ၄၅ ဒသမ ၂၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

အီးယူအတွက် ဘင်္ဂလားဒေ့ရှ်၏ တင်ပို့မှုမှာ ၂၃ ရာခိုင်နှုန်းရှိပြီး ဒုတိယအများဆုံး အဝတ်အထည်တင်သွင်းသည့် နိုင်ငံအဖြစ် ဆက်ရှိနေဆဲဖြစ်သည်။

အီးယူသို့ အဝတ်အထည်အများဆုံး တင်သွင်းသော တရုတ်သည် အလားတူကာလအတွင်း ဒေါ်လာ ၁၈ ဒသမ ၈၅ ဘီလီယံ တန်ဖိုးရှိ အဝတ်အထည်များတင်ပို့ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၂၈ ရာခိုင်နှုန်းရှိခဲ့ကာ ယမန်နှစ်ကတက် ၂၆ ဒသမ ၅၉ ရာခိုင်နှုန်း တိုးလာခဲ့သည်။

အလားတူ အိန္ဒိယမှ အီးယူသို့ အဝတ်အထည်တင်ပို့မှုမှာလည်း ယမန်နှစ်ကထက် ၂၈ ဒသမ ၈၅ ရာခိုင်နှုန်း မြင့်တက်လာကာ ဒေါ်လာ ၃ ဒသမ ၅၆ ဘီလီယံတန်ဖိုးအထိ ရှိခဲ့သည်။

အီးယူသို့ အဝတ်အထည်အများဆုံးတင်ပို့နိုင်သော တခြားနိုင်ငံများတွင် ကမ္ဘောဒီးယားက ၄၂ ဒသမ ၂၁ ရာခိုင် နှုန်း၊ ပါကစ္စတန်က ၃၁ ဒသမ ၃၄ ရာခိုင်နှုန်းနှင့် အင်ဒိုနီးရှားက ၃၅ ဒသမ ၄၁ ရာခိုင်နှုန်းဖြင့် အသီးသီးနေရာယူထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required