ထိုင်ဝမ်လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုန်အတွင်းသို့ တရုတ်ဗုံးကြဲလေယာဉ် အရေအတွက် စံချိန်တင်ဝင်ရောက်

By Channel News Asia
15 December 2022
ထိုင်ဝမ်လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုန်အတွင်းသို့ တရုတ်ဗုံးကြဲလေယာဉ် အရေအတွက် စံချိန်တင်ဝင်ရောက်

နှစ်နိုင်ငံအကြား ယိုယွင်းလာသော ဆက်ဆံရေး၏နောက်ဆုံးလက္ခဏာအဖြစ် တရုတ်သည် ထိုင်ဝမ် သွင်းကုန်များကို ထပ်မံတားမြစ်လိုက်ပြီးနောက် ရက်အနည်းငယ်အကြာ၌ တရုတ်က ထိုင်ဝမ်လေကြောင်း ကာကွယ်ရေးသတ်မှတ်ဇုန်အတွင်းသို့ နျူးကလီးယားလက်နက်သယ်ဆောင်နိုင်သော ဗုံးကြဲလေယာဉ် ၁၈ စ င်းကို ဒီဇင်ဘာ ၁၃ ရက်က စံချိန်တင် စေလွှတ်လိုက်သည်။

ထိုင်ဝမ်၏အနောက်တောင်ဘက်ရှိ လေကြောင်းရန်ကာကွယ်ရေးသတ်မှတ်ဇုန် (ADIZ) အတွင်းသို့ လွန်ခဲ့သည့် ၂၄ နာရီအတွင်းက နျူကလီးယားလက်နက်သယ်ဆောင်နိုင်သော H-6 ဗုံးကြဲလေယာဉ် ၁၈ စင်းအပါအဝင် တရုတ်လေယာဉ် ၂၁ စင်း ဝင်ရောက်ခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

ထိုင်ဝမ်က လေယာဉ်ကျူးကျော်မှုများကို စတင်ထုတ်ပြန်ခဲ့သည့် ၂၀၂၀ ခုနှစ် စက်တင်ဘာနောက်ပိုင်း H-6 ဗုံးကြဲလေယာဉ်ပါဝင်သော အကြီးဆုံးပျံသန်းမှုဖြစ်ကြောင်း AFP ဖော်ပြခဲ့သည်။

တရုတ်က ထိုင်ဝမ်စားသောက်ကုန်များ၊ အဖျော်ယမကာ၊ အရက်နှင့် ရေထွက်ပစ္စည်းများတင်ပို့မှုကို ပြီးခဲ့သည့် သီတင်းပတ်က တားမြစ်လိုက်ပြီး ထိုင်ဝမ်ကြီးချုပ် ဆူဆန်ချန်းက တရုတ်သည် နိုင်ငံတကာ ကုန်သွယ်ရေး စည်းမျဉ်းများကို ချိုးဖောက်ကာ ထိုင်ဝမ်ကို ခွဲခြားဆက်ဆံသည်ဟု စွပ်စွဲပြောဆိုလိုက်ပြီးနောက် လေယာဉ်များ ကျူးကျော်ပျံသန်းမှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။

တရုတ်၏ H-6 သည် တာဝေးပစ်ဗုံးကြဲလေယာဉ်ဖြစ်ပြီး နျူကလီးယားလက်နက်များကို သယ်ဆောင်နိုင်သည်။

တရုတ်သည် ဗုံးကြဲလေယာဉ် ၅ စင်းအထက်ကို တစ်ရက်တည်းတွင် စေလွှတ်သည်မှာ ကြုံတောင်ကြုံခဲဖြစ်သည်။ လေယာဉ်အုပ်စုပျံသန်းမှုများသည် မကြာသေးမီ ရက်သတ္တပတ်အတွင်း သိသိသာသာ တိုးလာခဲ့သည်။

တရုတ်သည် ပြီးခဲ့သည့်လက ထိုင်ဝမ် လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုန်သို့ ဗုံးကြဲလေယာဉ် ၂၁ စင်းစေလွှတ်ခဲ့ပြီး ယခုဒီဇင်ဘာလတွင် ၂၃ စင်းအထိ ဝင်ရောက်ထားပြီးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required