အိန္ဒိယတွင် ကျင်းပသည့် ဗဟိုအာရှနိုင်ငံများ၏ နိုင်ငံတော်လုံခြုံရေးအရာရှိများ တွေ့ဆုံပွဲတွင် အာဖဂန်အရေး အဓိကဆွေးနွေး

By Devdiscourse
15 December 2022
အိန္ဒိယတွင် ကျင်းပသည့် ဗဟိုအာရှနိုင်ငံများ၏ နိုင်ငံတော်လုံခြုံရေးအရာရှိများ တွေ့ဆုံပွဲတွင် အာဖဂန်အရေး အဓိကဆွေးနွေး

ဗဟိုအာရှနိုင်ငံများ၏ နိုင်ငံတော်လုံခြုံရေးအကြံပေးအရာရှိများ/ လုံခြုံရေးကောင်စီ အတွင်းရေးမှူးများ၏ အစည်းအဝေးတစ်ရပ်ကို ဒီဇင်ဘာ ၆ ရက်က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ကျင်းပခဲ့ရာ ထိုအစည်းအဝေးတွင်အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး၊ ဒေသလုံခြုံရေးနှင့် အာဖဂန်နစ္စတန်အရေးကိစ္စတို့နှင့်ပတ်သက်ပြီး အဓိကထား ဆွေးနွေးခဲ့ကြသည်။

အာဖဂန်နစ္စတန်အရေးနှင့်ပတ်သက်ပြီး လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ခြင်းနှင့် ဒေသလုံခြုံရေးကို သေချာစေမည့် ကြိုးပမ်းအားထုတ်မှုများကို ချိတ်ဆက်ညှိနှိုင်းလုပ်ဆောင်ရန် အရေးကြီးကြောင်း ဥဇဘတ်ကစ္စတန်နိုင်ငံ၏ လုံခြုံရေးကောင်စီ အတွင်းရေးမှူး ဗစ်ခ်တာ မက်ခ်မူဒေါ့ဗ်က အဆိုပါ အစည်းအဝေးအတွင်း ပြောသည်။

“အာဖဂန်နစ္စတန်ကို သီးခြားအထီးကျန်ဖြစ်စေပြီး လူမှု၊ စီးပွားရေးနဲ့ လူသားချင်းစာနာမှု အကျပ်အတည်းတွေကို သူတို့ဘာသာ ဖြေရှင်းရစေအောင် ဒီတိုင်း ပစ်မထားသင့်ပါဘူး” ဟု မက်ခ်မူဒေါ့ဗ်က ပြောသည်။

“ဘာလို့လဲဆိုတော့ အဲဒီလိုသာဆိုရင် ဒေသမှာ ဆင်းရဲမွဲတေမှုတွေ တိုးလာမှာ ဖြစ်လို့ပါ။ အာဖဂန်နစ္စတန်မှာ ငြိမ်းချမ်းမှု ရှိဖို့ အရေးကြီးပါတယ်။ အဲဒီမှာ မဟာဗျူဟာကျ ဖြစ်နိုင်ခြေအလားအလာအသစ်တွေ၊ အခွင့်အလမ်းသစ်တွေ ရှိပါတယ်။ အဲဒါက ဒီဧရိယာမှာ ဖွံ့ဖြိုးတိုးတက်မှု၊ သယ်ယူပို့ဆောင်ရေး စင်္ကြံတွေနဲ့ ဈေးကွက်တွေ ပါဝင်တဲ့ ဧရိယာတစ်ခု ဖြစ်နိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

ကမ္ဘာပေါ်ရှိ မတူညီသော နေရာဒေသများတွင် မငြိမ်မသက်မှုနှင့် မသေချာမရေရာမှုများ ရှိနေစဉ် ဆိုက်ဘာအမှုအခင်း၊ ဆိုက်ဘာ အကြမ်းဖက်မှု၊ သဘာဝပတ်ဝန်းကျင်နှင့် ဇီဝဗေဒဆိုင်ရာ ခြိမ်းခြောက်မှုများ အပါအဝင် စိန်ခေါ်မှုသစ်များနှင့် ခြိမ်းခြောက်မှုသစ်များ ပေါ်ထွက်လာနေကြောင်း တာဂျစ်ကစ္စတန်၏ လုံခြုံရေး ကောင်စီ အတွင်းရေးမှူး နက်စ်ရူလို မာဟ်မက်ဒ်ဇိုဒါက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required