ပါကစ္စတန် ထိန်းချုပ်သော ကက်ရှ်မီးယားတွင် ဗဟိုအစိုးရကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ ပေါ်ပေါက်

By Daily Hunt
15 December 2022
ပါကစ္စတန် ထိန်းချုပ်သော ကက်ရှ်မီးယားတွင် ဗဟိုအစိုးရကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ ပေါ်ပေါက်

ပါကစ္စတန် ထိန်းချုပ်သော ကက်ရှ်မီးယား (POK) ဒေသရှိ မူဇတ်ဖာရာဘတ် မြို့တွင် ဒေသခံအများအပြားသည် လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပြီး ဗဟိုအစိုးရဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်ကို ဆန့်ကျင်သည့် ကြွေးကြော်သံများကို အော်ဟစ်ခဲ့ကြသည်။

ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်သည် POK ဒေသအစိုးရအဖွဲ့၏ ဝန်ကြီးချုပ် ဆာဒါ တန်ဗီရာ အီလ်ယက်စ်ကို စော်ကားခဲ့သည်ဆိုပြီး POK ဒေသခံပြည်သူများက ဆန္ဒပြကြခြင်း ဖြစ်သည်။

ဆန္ဒပြသူများသည် ကားတာယာများကို မီးရှို့ပြီး ယာဉ်လမ်းကြောများကို ပိတ်ဆို့ဆန္ဒပြခဲ့ကြကာ POK ဒေသ၏ ဝန်ကြီးချုပ်အပေါ် စော်ကားသည့် အပြုအမူအတွက် ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်ဘက်က ပြန်လည်တောင်းပန်ရေး တောင်းဆိုခဲ့ကြသည်။

ပါကစ္စတန် ထိန်းချုပ်သော ကက်ရှ်မီးယားရှိ ဂျဟီလမ်မြစ်ပေါ်တွင် တည်ဆောက်ထားသော မန်ဂလာဆည်၏ နောက်ထပ်အဆင့် ၂ ဆင့် လည်ပတ်အသုံးပြုမှုကို တရားဝင်ဖွင့်လှစ်ရန် ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်သည် POK ဒေသသို့ ရောက်ရှိခဲ့သည်။

“ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်ဘက်က ကျွန်တော်တို့ဒေသရဲ့ ဝန်ကြီးချုပ်နဲ့ ကက်ရှ်မီးယားပြည်သူတွေအပေါ် တောင်းပန်ဖို့ တာဝန်ရှိပါတယ်။ မတောင်းပန်ဘူးဆိုရင် ကျွန်တော်တို့ကတော့ ဒီဒေသမှာ ပိတ်ဆို့ပြီး လမ်းတွေပေါ်မှာ ဆန္ဒပြသွားပါမယ်” ဟု ဆန္ဒပြသူများက ပြောသည်။

မန်ဂလာဆည် တည်ဆောက်မှုကြောင့် ကျေးရွာပေါင်း ထောင်ချီ ရေအောက်ရောက်ခဲ့ရကြောင်း ဗြိတိန်အခြေစိုက် POK တက်ကြွလှုပ်ရှားသူ ဒေါက်တာ အမ်ဂျက်ဒ် အာယွတ်ဘ် မီအာဇာက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required