ပါကစ္စတန်တာလီဘန်အဖွဲ့က အစိုးရနှင့် အပစ်ရပ်စဲမှုကို ဖျက်သိမ်းခြင်းက စစ်တပ်အကြီးအကဲသစ် အတွက် စိန်ခေါ်မှု ဖြစ်လာ

By Devdiscourse
15 December 2022
ပါကစ္စတန်တာလီဘန်အဖွဲ့က အစိုးရနှင့် အပစ်ရပ်စဲမှုကို ဖျက်သိမ်းခြင်းက စစ်တပ်အကြီးအကဲသစ် အတွက် စိန်ခေါ်မှု ဖြစ်လာ

ပါကစ္စတန်နိုင်ငံတွင် တီရစ်-အီ-တာလီဘန် ပါကစ္စတန် (TTP) အဖွဲ့က အစိုးရနှင့် သဘောတူထားသည့် အပစ်ရပ်စဲမှု သဘောတူညီချက်ကို ဖျက်သိမ်းလိုက်ခြင်းက စစ်တပ်အကြီးအကဲသစ် ဗိုလ်ချုပ်ကြီး အာဆင်း မူနီယာအတွက် ကြီးလေးသော စိန်ခေါ်မှုတစ်ခု ဖြစ်စေခဲ့သည်။

ပါကစ္စတန်တာလီဘန်ဟု သိကြသည့် TTP အဖွဲ့သည် ပြီးခဲ့သည့် ဇွန်လက အစိုးရနှင့် သဘောတူထားသည့် အပစ်ရပ်စဲရေး သဘောတူညီချက်ကို ဖျက်သိမ်းပြီး နိုင်ငံတစ်ဝန်း တိုက်ခိုက်မှုများ လုပ်ဆောင်ရန် အဖွဲ့ဝင်များကို ညွှန်ကြားထားကြောင်း Dawn သတင်းစာက နိုဝင်ဘာ ၂၈ ရက်တွင် ဖော်ပြသည်။

“နိုင်ငံရဲ့ ဧရိယာအသီးသီးမှာ မူဂျာဟစ်ဒင်တွေကို ပစ်မှတ်ထားတဲ့ စစ်တပ် စစ်ဆင်ရေးတွေ ဆက်ရှိနေတာကြောင့် ခင်ဗျားတို့အနေနဲ့ နိုင်ငံတစ်ဝန်းမှာ ခင်ဗျားတို့ လုပ်နိုင်သလောက် တိုက်ခိုက်မှုတွေ လုပ်ရတော့မှာ ဖြစ်တယ်” ဟု TTP အဖွဲ့က ထုတ်ပြန်ချက်တစ်ခုတွင် ပြောသည်။

အစ္စလမ္မစ်အဖွဲ့၏ အကြမ်းဖက်မှုများက မကြာသေးသည့် လများအတွင်း အရှိန်အားကောင်းလာခဲ့ပြီး ပြီးခဲ့သည့်လက ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ် လက်ကီ မာဝတ်ခရိုင်တွင် ရဲ ၆ ဦးထက်မနည်း သေဆုံးသည့် တိုက်ခိုက်မှုဖြစ်စဉ်က သိသာအထင်ရှားဆုံး ဖြစ်သည်။

လုံခြုံရေးအဖွဲ့အစည်းများနှင့် နိုင်ငံရေးခေါင်းဆောင်ပိုင်းက TTP အဖွဲ့ကို လက်ရှိအခြေအနေတွင် အညွန့်ချိုး ပစ်နိုင်ရန် စတင်လုပ်ဆောင်ခြင်း မရှိပါက ကွက်တာမြို့ တိုက်ခိုက်မှုက TTP ၏ အပစ်ရပ်စဲမှုအလွန်ကာလ အကြမ်းဖက်လှုပ်ရှားမှုတစ်ခု၏ အစဖြစ်သည်ကို ပြသနေကြောင်း Dawn သတင်းစာက ဖော်ပြသည်။

အာဖဂန်တာလီဘန်တို့၏ အနီးကပ် မဟာမိတ်ဖြစ်သည့် TTP အဖွဲ့ကို နိုင်ငံခြား အကြမ်းဖက် အဖွဲ့အစည်း တစ်ခုအဖြစ် အမေရိကန်နှင့် ကုလသမဂ္ဂက သတ်မှတ်ထားသည်။ ထိုအဖွဲ့သည် အာဖဂန်နစ္စတန်တွင် တိုက်ခိုက်ရေးသမား ၄၀၀၀ မှ ၆၅၀၀ အကြား ရှိသည်ဟု ကုလ၏ ခန့်မှန်းချက်များက ဖော်ပြသည်။ ထိုအဖွဲ့သည် မျိုးနွယ်စု ရပ်ဝန်းကို ကျော်လွန်ပြီး ပါကစ္စတန်မြို့ကြီးများအထိ ပျံ့နှံ့ရောက်ရှိထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required