ပါကစ္စတန် စစ်တပ်အကြီးအကဲဟောင်းက မိမိကို လိမ်လည်လှည့်ဖြားခဲ့ဟု ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း စွပ်စွဲ

ပါကစ္စတန် စစ်တပ်အကြီးအကဲဟောင်းက မိမိကို လိမ်လည်လှည့်ဖြားခဲ့ဟု ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း စွပ်စွဲ

ပါကစ္စတန်စစ်တပ်အကြီးအကဲဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး ကာမာ ဂျာဗက်ဒ် ဘာဂျ်ဝါသည် မိမိ၏ အစိုးရအပေါ် လိမ်လည်လှည့်ဖြားခဲ့ကြောင်း ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းက စွပ်စွဲလိုက်သည်ဟု ပြည်တွင်း ရုပ်သံလိုင်းတစ်ခုကို ကိုးကားပြီး The Nation သတင်းစာက ဖော်ပြသည်။

ကြည်းတပ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ဘာဂျ်ဝါကို ၂၀၁၉ ခုနှစ်က ရာထူးသက်တမ်း တိုးပေးခဲ့ခြင်းသည် အမှားကြီးတစ်ခုကို ကျူးလွန်ခဲ့သလို ဖြစ်ခဲ့ကြောင်း အီမရန် ခန်းက ဝန်ခံခဲ့သည်။

“ဗိုလ်ချုပ်ကြီး ဘာဂျ်ဝါဟာ ကျွန်တော်တို့အပေါ် ရိုးသားမှု မရှိဘဲ လှည့်ဖြားခဲ့ပါတယ်။ ဒါကို နောက်ပိုင်းကျမှ ကျွန်တော် သိခဲ့ရတယ်။ ယုတ်စွအဆုံး ပီတီအိုင်ပါတီဝင်တွေကို မတူတဲ့ သတင်းစကားတွေ ပေးခဲ့တယ်” ဟု အီမရန် ခန်းက အင်တာဗျူးတစ်ခုတွင် ပြောကြောင်း The Nation က ကိုးကားဖော်ပြသည်။

ဗိုလ်ချုပ်ကြီး ဘာဂျ်ဝါ ပြောသမျှတိုင်းကို မိမိအနေဖြင့် ယုံကြည်မိလိမ့်မည် ဖြစ်ကြောင်း ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် (PTI) ပါတီအကြီးအကဲ အီမရန် ခန်းက ပြောသည်ဟု ပြည်တွင်း မီဒီယာကို ကိုးကားပြီး The Nation က ဖော်ပြသည်။

မိမိတို့ အစိုးရအပေါ် ဆန့်ကျင်ပြီး မည်သည့် ကစားကွက်များ ခင်းနေခဲ့သည်ဆိုသည်ကို ထောက်လှမ်းရေးဗျူရို (IB) ထံမှ အစီရင်ခံစာများ ရခဲ့ကြောင်း အီမရန် ခန်းက ပြောသည်။

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းသည် ပြီးခဲ့သည့် ဧပြီလက အယုံအကြည်မရှိအဆို တင်သွင်းခံရပြီး မဲခွဲမှုတွင် ရှုံးနိမ့်ကာ ရာထူးမှ ဖြုတ်ချခံခဲ့ရသူ ဖြစ်သည်။

“ဗိုလ်ချုပ်ကြီး ဘာဂျ်ဝါ ကျွန်တော့်ကို ပြောမယ့် စကားတိုင်းကို ကျွန်တော် ယုံကြည်မိမှာပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဟာ နိုင်ငံကို ကယ်တင်ရမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေက တူနေခဲ့လို့ပါ” ဟု အီမရန် ခန်းက ပြောကြောင်း The Nation က ဖော်ပြသည်။

“ဘာ့ကြောင့် မုသားစကားတွေ ပြောပြီး ကျွန်တော့်ကို သစ္စာဖောက်တာလဲဆိုတာကို ကျွန်တော် မသိခဲ့ပါဘူး” ဟု အီမရန် ခန်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required