RKDF တပ်ဖွဲ့က “ပြည်သူ့ဆွဲကြိုး ရဲဘော်ကျည်ဖိုး” အစီအစဉ်ဖြင့် ကံစမ်းမဲဖွင့်မည်

RKDF တပ်ဖွဲ့က “ပြည်သူ့ဆွဲကြိုး ရဲဘော်ကျည်ဖိုး” အစီအစဉ်ဖြင့် ကံစမ်းမဲဖွင့်မည်

(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အခြေစိုက် Ranger Kalay Defend Force-RKDF တပ်ဖွဲ့က ကျည်၊ ခဲယမ်းလိုအပ်ချက်ဖြည့်တင်းနိုင်ရေးအတွက် "ပြည်သူ့ဆွဲကြိုး ရဲဘော်ကျည်ဖိုး”အမည်ဖြင့် ကံစမ်းမဲအစီအစဉ် ပြုလုပ်လျှက်ရှိသည်။

ပြည်သူတစ်ဦးမှ အဖွဲ့အတွက်လှူဒါန်းထားသော ၁၅ သိန်းဝန်းကျင်တန်ဖိုးရှိ ခရမ်းစွဲကျောက်ပါ ရွှေဆွဲကြိုး တစ်ကုံးမဲဖောက်ပေးမည့် ယခုအစီအစဉ်အတွက် မဲလက်မှတ်များကို ဒီဇင်ဘာလ ၂ ရက်မှ ဒီဇင်ဘာလ ၁၆ ရက်နေ့အထိရောင်းချသွားမှာဖြစ်ပြီး မဲလက်မှတ်တစ်စောင်ကို ၁၀,၀၀၀ ကျပ် သတ်မှတ်ထားကြောင်း RKDF တပ်ဖွဲ့ထံမှ သိရသည်။

မဲရောင်းချချိန်ကို ၁၅ ရက်သတ်မှတ်ပြီး မဲလက်မှတ်အရေအတွက်ကို ၂,၀၀၀ သတ်မှတ်ထားသော်လည်း ၁၃ ရက်ထိကြာသည့်တိုင် အစောင်ရေ ၇၀၀ နီးပါးသာ ရောင်းချထားနိုင်ပြီး မဲလက်မှတ်အရေအတွက် ပြည့်ရန် ၁,၃၀၀ ကျော်လိုအပ်နေသေး၍ ကူညီနိုင်သူများ ကူညီပေးကြရန် မေတ္တာရပ်ခံထားသည်။

“ကျွန်တော်တို့ဒေသမှာက ကျည်တစ်တောင့် ကျပ် ၁၀,၀၀၀ နှုန်းရှိနေတာကြောင့် တော်လှန်ပြည်သူ မိဘပြည်သူများ မဲတစ်စောင်ဝယ်ယူတိုင်း တပ်ရင်းကိုကျည်တစ်တောင့် ဖြည့်တင်းပြီးသား ဖြစ်သွားမှာပါ။ အခုက သတ်မှတ်ရက်မှာ မဲလက်မှတ်မပြည့်သေးတော့ အခြေအနေစောင့်ကြည့်ပြီး ရက်ထပ်တိုးတာမျိုး ရှိလာမယ် ထင်တယ်။ “ပြည်သူ့ဆွဲကြိုး ရဲဘော်ကျည်ဖိုး” ဆိုတဲ့ နာမည်အတိုင်းပဲ “ဆွဲကြိုး”ကို ကံစမ်းရင်း ရဲဘော်တွေအတွက် လိုအပ်နေတဲ့ ကျည်၊ ခဲယမ်းတွေထောက်ပံ့ပြီး အာဏာရှင်တွေ အရှင်ထွက်မထွက် နိုင်အောင် ဝိုင်းဝန်းကူညီပေးကြပါဦးခင်ဗျ” ဟု RKDF အဖွဲ့မှ ရဲဘော်ဇီက မဇ္ဈိမကို ပြောသည်။

ပြည်တွင်းသာမက ပြည်ပရောက်ပြည်သူများ ပါဝင်အားဖြည့်နိုင်ရန် မဲတစ်စောင်ကို စင်္ကာပူ ၁၀ ဒေါ်လာ၊ အမေရိကန် ၁၀ ဒေါ်လာ၊ ဂျပန် ၈၀၀ ယမ်း၊ ထိုင်းဘတ် ၁၅၀ သတ်မှတ်ပေးထားကာ Ranger Kalay Defend Force-RKDF ၏ Page Messenger သို့စုံစမ်းမေးမြန်းပြီး RKDF တပ်ဖွဲ့အတွက် ကျည်ဖိုးများ ထောက်ပံ့ပေးနိုင်ကြောင်း RKDF အဖွဲ့က ဆိုသည်။

စစ်ကောင်စီတပ်က မီးရှို့သွားသည့် ကလေးမြို့နယ်မှ စစ်ဘေးသင့်ပြည်သူများကိုလည်း ကလေးပြည်သူ့ ကာကွယ်ရေးတပ်- Ranger Kalay Defend Force (RKDF) က ကူညီလှူဒါန်းပေးလျက်ရှိပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ရင်ဆိုင်တိုက်ပွဲဝင်နေရသည့် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် တပ်ဖွဲ့ရန်ပုံငွေရရှိနိုင် ရေးအတွက် ယခုကဲ့သို့ နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးစားနေရခြင်းဖြစ်သည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required