အင်းတော်မြို့နယ်သို့ စစ်ကောင်စီတပ်သားများဝင်လာသဖြင့် ကြိုတင်ပြင်ဆင်ရန် IR- team အသိပေး

အင်းတော်မြို့နယ်သို့ စစ်ကောင်စီတပ်သားများဝင်လာသဖြင့် ကြိုတင်ပြင်ဆင်ရန် IR- team အသိပေး

မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်းအထက်ပိုင်း ၊ ကသာခရိုင်၊ အင်းတော်မြို့နယ်သို့ စစ်ကောင်စီတပ်သားများ ထပ်မံစစ်ကြောင်းထိုးဝင်လာ၍ ဒေသခံများအနေဖြင့် ပျက်စီးဆုံးရှုံးမှုနည်းအောင်ကြိုတင်ပြင်ဆင်ကြရန် Indaw Revolution(IR) မှ ယနေ့ ဒီဇင်ဘာ ၁၅ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ အစောပိုင်းတွင် ထီးချိုင့်မြို့နယ်ရှိ လူနေအိမ်များအား မီးရှို့နေသော စစ်ကောင်စီတပ်များသည် ယနေ့ နံနက်ပိုင်းတွင် အင်းတော်မြို့နယ် အိုက်မရွာ၊ ညောင်ကုန်းရွာများသို့ စတင်ဝင်ရောက်လာနေပြီဖြစ်ကြောင်း သိရသည်။

“ပွင့်လင်းရာသီဘက် ရောက်လာပြီဖြစ်သည့်အတွက် စစ်ကြောင်းထိုးမှုတွေ ပိုမိုများပြားလာနိုင်သလို တိုက်ပွဲတွေလည်း ပိုမိုပြင်းထန်လာနိုင်ပါသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကြောင်းထွက်လာလျှင် ရှောင်နိုင်သမျှ ရှောင်ပါ။ အသံများကို နားစွင့်ပါ။ တိုက်ပွဲများသည် အချိန်မရွေးဖြစ်လာနိုင်သည့်အတွက် ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် ပြင်ဆင်ထားကြဖို့ နဲ့ တိုက်ပွဲဖြစ်ပွားလျှင် အမြန်ဆုံးတိမ်းရှောင်ကြဖို့ အထူးနှိုးဆော်အပ်ပါသည်။” ဟု Indaw Revolution(IR)၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် အိုက်မရွာတွင် အင်အား ၇၀ ကျော်ခန့် ရောက်ရှိနေပြီး ညောင်ကုန်းရွာတွင်လည်း အင်အား ၁၀၀ ကျော်ခန့် ရောက်ရှိနေကြောင်း IR-Team ထံမှသိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်များသည် တိုက်ပွဲဖြစ်ပွားသည်ဖြစ်စေ၊တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသည်ဖြစ်စေ ကျေးရွာ၊ နေအိမ်များကို မီးရှို့ခြင်းများ လုပ်လာနိုင်သည့်အတွက် ပြည်သူများအနေဖြင့် ဆန်၊ ရေ၊ စပါး၊ လယ်ထွန်စက် စသည့်တန်ဖိုးကြီးပစ္စည်းများကို တတ်နိုင်သမျှ ရွေ့ပြောင်းခြင်း၊ နေရာခွဲထားခြင်းများ ဆောင်ရွက်ရန် တိုက်တွန်းနှိုးဆော်ထားသည်။

ဒါ့အပြင် အရေးကြီပစ္စည်းများကို အလွယ်တကူယူဆောင်နိုင်ရန် ထုတ်ပိုးထားခြင်းနှင့် အိမ်မွေးတိရစ္ဆာန်များကိုလည်း အလွယ်တကူလွတ်နိုင်အောင် ပြုလုပ်ထားစေလိုကြောင်း၊ အတတ်နိုင်ဆုံး ဆုံးရှုံးမှုမများအောင် ကြိုတင်ပြင်ဆင်မှုများပြုလုပ်နိုင်ရန် သတိပေးခြင်းဖြစ်သည်ဟု လည်း IR-Team ကဆိုသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required