မသူတော်အချုပ် နတ်ဆိုးယုတ် (ဆောင်းပါး)

မသူတော်အချုပ် နတ်ဆိုးယုတ် (ဆောင်းပါး)

ဒီဇင်ဘာလ ၁၄ ရက်

အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မြန်မာပြည်သူတွေအားလုံး ပျက်ရယ်ပြုကြသည့် ဖြစ်ရပ်တစ်ခုရှိသည်။

လက်နက်အားကိုးဖြင့် နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သော်လည်း ကချင်ပြည်နယ် ပူတာအိုဒေသကို မသွားရဲခဲ့ခြင်းက ပြည်သူတစ်ရပ်လုံး၏ ပျက်ရယ်ပြုစရာဖြစ်ခဲ့ခြင်းဖြစ်သည်။

ပူတာအိုဒေသက မြန်မာနိုင်ငံရေးပြောင်းလဲမှုများ၌ ဆက်နွယ်နေသည့် ဒေသတစ်ခုဟု ပြည်နယ်အတွင်းက နိုင်ငံရေးသုံးသပ်လေ့လာသူများက လေ့လာသုံးသပ်ထားကြသည်။

ခေတ်အဆက်ဆက်က ထင်ပေါ်ကျော်ကြားသည့် နိုင်ငံရေးသမားများကို ပူတာအိုဒေသက အချုပ်ထောင်တွင် ပို့ထားခဲ့သလို၊ ၂၀၂၁ ခုနှစ် စစ် တပ်အာဏာမသိမ်းခင် တစ်ရက်အလို စစ်တပ်က ရွေးချယ်တင်မြှောက်ထားသည့် ဒုတိယသမ္မတ ဦးမြင့်ဆွေလည်း ပူတာအို ကချင်ပြည်နယ်အစိုးရ (NLD ပါတီဝင်)အဖွဲ့နှင့် ရှိနေခဲ့ခြင်းဖြစ်သည်။

အထက်မှာ ကောင်းမုလုံ၊ အလယ်မှာ ရွှေစည်းခုံ၊ အောက်ပြည်မှာ ရွှေတိဂုံ ဆိုသည့် တဘောင်စကားအရ စစ်ကောင်စီအဆက်ဆက်အတွက် ပူတာအိုဒေသက ၎င်းတို့၏ အာဏာတည်မြဲရေး၌ ကိုးကွယ်မှုဆိုင်ရာ ဗေဒင်ယတြာများစွာ ပြုလုပ်မည့် အကောင်းဆုံးမြေနေရာ ဖြစ်လာခဲ့သည်။

နေပြည်တော်က စာဖတ်နေသူ သူကြီးဦးသန်းရွှေလက်ထက်ကစ၍ လက်ရှိအာဏာသိမ်းစစ်ကောင်စီလက်ထက်အထိ ပူတာအိုဒေသခရီးစဥ်အောင်မြင်ရေးမှာ ပါဝင်ခဲ့သူအယောက်တိုင်းသည် ကြီးမားသည့်ဆုလာဘ်များ ခံစားရသည်ကို အားလုံးအသိပင် ဖြစ်မည်။

ဦးသန်းရွှေလက်ထက် ထူးမိသားစုဟုခေါ်သည့် ထူးတေဇပိုင် အေရှားဝေါလ်ကုမ္ပဏီ လုပ်ကွက်ကြီးများက ပူတာအိုဒေသတွင် ပါဝင်ပတ်သက်ခဲ့ခြင်းမှာ ငြင်းမရသည့် သက်သေများလည်း ဖြစ်သည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၃ရက် ယမန်နေ့က အာဏာသိမ်းစစ်ခေါင်းဆောင်က ကချင်ပြည်နယ်တွင် တိုးတိုးတိတ်တိတ် လုပ်ဆောင်သွားသည့် အရာတစ်ခုရှိသည်ကို မဇ္ဈိမအနေနှင့် ခြေရာကောက် စုံစမ်းသတင်းရရှိပါသည်။

ယမန်နေ့က မြစ်ကြီးနားမြို့တွင် မနက်အစောပိုင်းကစ၍ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ရှိ အရန်ထောက်ပို့တပ်ဖွဲ့ဝင်များနှင့် ကချင်ပြည်နယ်အစိုးရရုံး ပတ်ဝန်းကျင်အနီးတဝိုက်တွင် အကြမ်းဖက်နှိမ်နှင်းရေး အထူးကွန်မန်ဒို (အင်္ကျီအမဲဝတ်နဲ့ ပြောက်ကျားဝတ်)တပ်ဖွဲ့ဝင်များကို အင်အားအများအပြားချထားသည်ဟု မြေပြင်သတင်းများအရ သိရသည်။

သည့်အပြင် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ သံစည်းရိုးများ၊သဲထည့်ပေပါပုံးများဖြင့် ပိတ်ထားသည့် လမ်းမကြီးများ ပြန်ဖွင့်ပေးထားသည်ဟု ဒေသခံသတင်းရင်းမြစ်များက ပြောကြသည်။

“ဒီမနက် ကျမတို့က စက်မှုလယ်ယာလမ်းဘက်ကနေ လေယာဥ်ကွင်းဘက်ကို သွားဖို့ ဖြတ်လာတဲ့အချိန်မှာလည်း စစ်တယ်။ ကျွန်မတို့ကိုတော့ ရပ်ခိုင်းပြီး ဘာပါလည်း အဲ့တာပဲမေးတယ်။ အဖွားကြီးတွေမို့ထင်တယ်။ သူများတွေကိုတော့ ဖုန်းတွေ မှတ်ပုံတင်တွေစစ်တယ်။ မှတ်ပုံတင်မပါရင်တော့ ဖုန်းတွေစစ်တာ အဲ့လို။ တခြား ဂိတ်ရှောင်လမ်းတွေဘက်မှာလဲ အကုန်စစ်တယ်။ နွားစာတင်တဲ့ ဆိုင်ကယ်ကိုတောင် ရပ်ခိုင်းပြီး အိတ်ထဲကိုစစ်တာ” ဟု ဒေသခံသတင်းရင်းမြစ်များက ဆိုကြသည်။

အာဏာသိမ်းစစ်တပ်၏ ဒုတိယစစ်ဦးချုပ် စိုးဝင်း မြစ်ကြီးနားမြို့ကို လာရောက်မည် ဖြစ်သည့်အတွက် မြစ်ကြီးနားမြို့တွင်းကို ဝင်ရောက်သည့်လမ်းတိုင်းတွင် စစ်ဆေးရေးနှင့်လုံခြုံရေး တင်းကျပ်နေတာပါ။ မြို့လယ်ရှိ မြို့တော်ခန်းမတွင်လည်း လူထုတွေ့ဆုံပွဲတစ်ခု ပြုလုပ်ရန် ပြင်ဆင်ထားသည်ဟု စုံစမ်းသိရှိရသည်။

နေ့လယ် ၁၂ နာရီကျော် အချိန်ခန့်တွင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ကိုယ်တိုင် ခရီးစဉ်အချိန် အပြောင်းအလဲ ပြုလုပ်ကာ အထူးလုံခြုံရေးများနှင့် မြစ်ကြီးနားမြို့ကို ဆိုင်းမဆင့်ဗုံမဆင့် ရောက်ချလာခဲ့သည်။

ဒါသည် စစ်တပ်အာဏာသိမ်းပြီးနောက် ခေါင်းဆောင်တစ်ဦးအနေနှင့် ဒုတိယအကြိမ်မြောက် လျို့ဝှက်စွာ လာရောက်ခဲ့ခြင်းဖြစ်သည်။

မြို့တော်ခန်းမ၌ ပြုလုပ်သည့် လူထုတွေ့ဆုံပွဲကိုလည်း ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ၏ အထူးယုံကြည်ရသည့် လုပ်ငန်းရှင်အချို့နှင့် ရိုးရာယဉ်ကျေးမှုရုံးမှ လူကြီးအချို့ တက်ရောက်ခဲ့ကြသည်ဟု ဆိုသည်။

အဆိုပါ လူထုတွေ့ဆုံပွဲတွင် အာဏာသိမ်းစစ်ခေါင်းဆောင်က စက်သုံးဆီချွေတာရေးအတွက် စက်သုံးဆီများ မလိုအပ်သည့် စက်ဘီးကဲ့သို့ယာဥ်များကို တိုင်းချစ်ပြည်ချစ်စိတ်ဖြင့် အသုံးပြုကြစေလိုသည်ဟု စစ်ခေါင်းဆောင်က ပြောဆိုခဲ့ကြောင်း သိရသည်။

မြို့လယ်ရှိ မြစ်ကြီးနားမြို့တော်ခန်းမအတွင်း၌ ပြုလုပ်ခဲ့သည့် အသေးစား၊ အလတ်စား စီးပွားရေး MSME လုပ်ငန်းရှင်များနှင့် တွေ့ ဆုံစဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

"စက်သုံးဆီများကို တတ်နိုင်သမျှ ချွေတာသုံးစွဲရန်လိုအပ်ကြောင်း၊ စက်သုံးဆီသုံးစွဲရန်မလိုအပ်သည့် စက်ဘီးကဲ့သို့သောယာဉ်များကိုလည်း တိုင်းချစ်ပြည်ချစ်စိတ်နဲ့အသုံးပြုစေလိုကြောင်း"ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ထို့အပြင် ပြည်တွင်း လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ လေအားအသုံးပြု လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ကြရန်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သေးသည်။

တွေ့ဆုံပွဲအပြီးတွင် ကချင်ပြည်နယ် လူထုမနောပွဲကြီး ကျင်းပနိုင်ရန်အတွက်လည်း သီးသန့် ပြောဆိုဆွေးနွေးခဲ့ကြသည်ဟု မဇ္ဈိမက တက်ရောက်ခဲ့သည့် သတင်းရင်းမြစ်များထံမှ ပြန်လည်စုံစမ်းသိရှိရသည်။

စစ်ခေါင်းဆောင်၏ ယခုတကြိမ် မြစ်ကြီးနားကို လာရောက်သည့် ခရီးစဉ်သည် နေ့ချင်းပြန်ခရီးစဥ်ဖြစ်ပြီး ညနေ ၅ နာရီခန့်တွင် အထူးလေယာဉ်ဖြင့် ပူတာအိုသို့ သွားရောက်ခဲ့သည်ဟု သိရသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လိုင်၏ ပူတာအိုခရီးစဉ်သည် ကောင်းမှုလုံဘုရားကို ဘုရားဖူးသွားရောက်ရင်း စည်းရုံးရေးဆင်းခြင်းဖြစ်သည်ဟု စစ်တပ်အသိုင်းဝိုင်းက မှတ်ချက်ပြုသည်။

စစ်ကောင်စီခေါင်းဆောင်သည် ၂၀၂၁ခုနှစ် စက် တင်ဘာလ ၁၈ ရက်နေ့က နှစ်ရက်ခရီးအဖြစ် မြစ်ကြီးနားမြို့ကို လာရောက်ခဲ့ပြီး၊ ပူတာအိုကိုသွားရန် ခရီးစဉ်ရေးဆွဲ‌ခဲ့သော်လည်း ကေအိုင်နှင့် ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့များ၏ လမ်းပိတ်ဆို့မှုကြောင့် ခရီးစဉ်ဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၃ရက် ညနေ ၆ နာရီဝန်း ကျင်တွင် စစ်ကောင်စီခေါင်းဆောင်က ပူတာအို‌လေဆိပ်ကို ရောက်ရှိလာသည်ဟု သတင်းရင်းမြစ်များက ဆိုကြသည်။

"ညနေက မင်းအောင်လှိုင်တကယ်ရောက်လာတယ်။ ရိုးရာအဖွဲ့တွေလည်း ၀တ်စုံအပြည့်နဲ့ လေဆိပ်မှာလာကြိုကြတယ်လေ။ ဒီညတော့ အတန်ရဲ့ ဟိုတယ်မှာ ကြိုဆိုရေးရှိတယ်လို့ ပြောတယ်"ဟု သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီခေါင်းဆောင်သည် ပူတာအိုအခြေစိုက် ရဝမ်ပြည်သူ့စစ်ခေါင်းဆောင် ပိုင်ဆိုင်သည့် ဟိုတယ်တွင် ခေတ္တတည်းခိုခဲ့ပြီး ည ၈ နာရီဝန်းကျင်တွင် နေပြည်တော်သို့ ပြန်သွားခဲ့သည် ဆိုသော်လည်း မဇ္ဈိမအနေဖြင့် ပူတာအိုဘက်သို့ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည်

အာဏာသိမ်းစစ်ခေါင်းဆောင်၏ မြစ်ကြီးနား၊ ပူတာအို ခရီးစဥ် ဖြစ်မြောက်အောင်မြင်ရေးကို တိုးတိတ်စွာလုပ်ဆောင်ပြသွားခဲ့သူ ဖြစ်သည်။လက်ရှိ နယ်စပ်ရေးရာဝန်ကြီးရာထူးကို ရယူထားသူလည်း ဖြစ်သည်။

ယမန်နေ့က စစ်ခေါင်းဆောင်၏ မြစ်ကြီးနား၊ ပူတာအို ခရီးစဉ်မတိုင်မီ ဒီဇင်ဘာလ ၇ ရက်နေ့မှစ၍ မြစ်ကြီးနားမြို့တွင်းကို လျို့ဝှက်စွာရောက်ရှိနေခဲ့သူလည်း ဖြစ်သည်။

၎င်းသည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းမှုးဖြစ်ခဲ့သူဖြစ်ပြီး၊ ၎င်းတိုင်းမှုးဘဝက ပူတာအိုဒေသဘက်ရှိ နယ်မြေခံတပ်ရင်းများသို့ ကြိမ်ဖန်များစွာ တပ်တွင်းစစ်ဆေးရေး လုပ်ဆောင်ခဲ့သူအဖြစ် မြောက်ပိုင်းတိုင်း စစ်တပ်အသိုင်းအဝိုင်းကြားတွင် နာမည်ကြီးခဲ့သူဖြစ်သည်။

အဆိုပါ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် အာဏာသိမ်းပြီးနောက် စစ်ကောင်စီအသိုင်းအဝိုင်းကြားထဲတွင် ပူတာအိုဒေသကို အများဆုံးရောက်ရှိခဲ့သူလည်း ဖြစ်သည်။

အာဏာသိမ်းစစ်ခေါင်းဆောင်၏ ပထမအကြိမ် ခရီးစဉ်တွင် ပူတာအိုခရီးစဥ်ကို ဖျက်သိမ်းခဲ့သော်လည်း ၎င်းက စစ်ကောင်စီခေါင်းဆောင်၏ ဆန္ဒပြည့်မြောက်ရန် ပူတာအိုဒေသကိုအစောဆုံးသွားရောက်ခဲ့ပြီး၊ ဌာနေပြည်သူ့စစ်များနှင့်လည်း သွားရောက်တွေ့ ဆုံခဲ့သည်။

၎င်းသည် ဌာနေရဝမ်ပြည်သူ့စစ်များကို စစ်သင်တန်များပေးခြင်းအပြင် လက်နက်ကြီးပစ်ကူသင်တန်းများကိုလည်း ပေးအပ်နိုင်ရန် လုပ်ဆောင်နိုင်ခဲ့သည့်အတွက် ပူတာအိုဒေသအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ရေးလှုပ်ရှားရာတွင် ပြည်သူ့စစ်များပါဝင်လာသည့်အထိ လုပ်ဆောင်ပေးနိုင်ခဲ့သူလည်းဖြစ်သည်။

ယခုအကြိမ် စစ်ကောင်စီခေါင်းဆောင် မြစ်ကြီးနား၊ ပူတာအိုခရီးစဉ်အောင်မြင်နိုင်ရန် ခရီးစဉ်မတိုင်မီ ကချင်လူထုအသိုင်းအဝိုင်းကြားထဲတွင် နာမည်ထင်ပေါ်သူဖြစ်သည့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ကေဘီစီ ဥက္ကဌဟောင်း သိက္ခာတော်ရဆရာကြီး ဒေါက်တာခလမ်ဆမ်ဆွန်ကို ဖမ်းဆီရန် စစ်ခေါင်းဆောင်ကို အကြံပေးခဲ့သူသည်လည်း ကချင်ပြည်နယ်အရေးကို ဂဃနဏသိသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ဖြစ်သည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေသည်။

မည်သို့ပင်ဆိုစေကာမူ စစ်ကောင်စီအသိုင်းအဝိုင်းနှင့် အဖမ်းခံထားရသည့် သိက္ခာတော်ရဆရာကြီး ဒေါက်တာခလမ်ဆမ်ဆွန်(အထူးသဖြင့် ကေဘီစီ)တို့အကြား မစိမ်းသည့်ဆက်ဆံရေးလည်းရှိနေခြင်းကြောင့် ယခုအကြိမ် စစ်ခေါင်းဆောင်လာရောက်သည့် မြစ်ကြီးနား - ပူတာအိုခရီးစဉ်အပြီးတွင် ပြန်လွတ်နိုင်ခြေရှိသည်ဟု ကချင်နိုင်ငံရေး သုံးသပ်သူများက အခုကဲ့သို့ သုံးသပ်ထားကြသည်။

“ဘာကြောင့်လည်းဆိုတော့ကချင်လူထုခေါင်းဆောင်ကြီးလိုထင်ရှားသူတဦးထိမ်းသိမ်းခံရတဲ့အပေါ် ကချင်တွေရဲ့ တုံ့ပြန်မှုကိုကောင်းကောင်းသိလိုက်ရသလို နောက်နောင် ကချင် လူထုကို ဘယ်လိုကိုင်ရမယ်ဆိုတာ ရှင်းရှင်းမြင်သွားခဲ့ပြီးဖြစ်တာကြောင့် Rev.Sam sun issue ကို အနိုင်နဲ့ ပိုင်းသွားတော့မယ်လို့ သုံးသပ်မိပါတယ် “ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly