ရခိုင်တွင် စစ်ကောင်စီတပ်၏ စစ်ဆေးတင်းကျပ်မှုများ ဆက်ရှိနေပြီး ဆေးဝါးသယ်ယူခွင့် ပိတ်ထားဆဲဟုဆို

ရခိုင်တွင် စစ်ကောင်စီတပ်၏ စစ်ဆေးတင်းကျပ်မှုများ ဆက်ရှိနေပြီး ဆေးဝါးသယ်ယူခွင့် ပိတ်ထားဆဲဟုဆို

ဒီဇင်ဘာလ ၁၄ ရက်

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ နှစ်ဖက်အပြန်အလှန် သဘောတူညီချက်ဖြင့် အပစ်အခတ်ရပ်စဲထားချိန် စစ်ကောင်စီတပ်က ဒေသခံများကို စစ်ဆေးမှုများ တင်းကျပ်လျှက်ဆက်ရှိနေသည့်အပြင် ဆေးဝါးသယ်ယူခွင့် ပိတ်ထားဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ရက်နေ့မှ စတင်ကာ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့မှာ နှစ်ဖက်နားလည်မှုဖြင့် အပစ်အခတ်ရပ်စဲထားခြင်းဖြစ်ပြီး တိုက်ပွဲအချိန်မရွေးဖြစ်လာနိုင်ကြောင်း AAက ပြောဆိုထားသည်။

တစ်ဖက်တွင်လည်း စစ်ကောင်စီအနေဖြင့် ရခိုင်ပြည်နယ်ရှိ ကုန်းလမ်း၊ရေလမ်း တချို့အား ပိတ်ထားဆဲဖြစ်ပြီး ဖွင့်ထားသည့် လမ်းအချို့တွင်လည်း ခရီးသည်များအား စစ်ဆေးမေးမြန်းမှုများ ရှိနေခြင်းဖြစ်သည်။

ယခုကဲ့သို့ စစ်ဆေးမေးမြန်းမှုများရှိနေသည့်အတွက် ခရီးသည်များအနေဖြင့် အဆင်မပြေမှုများရှိကြောင်း မင်းပြားမြို့မှ မသန်းသန်းက ဆိုသည်။

“လမ်းဖွင့်ထားတယ်ဆိုပေမဲ့ စစ်ဆေးတာတွေ တအားများတယ်။ ဂိတ်တွေ ပိုချပြီးတော့ စစ်ဆေးနေတာတွေရှိတယ်။ အချိန်ကြန့်ကြာမှုတွေရှိတယ်။ တစ်ခုခုဖြစ်မလားဆိုတဲ့ စိုးရိမ်စိတ်တွေလည်း ရှိတာပေါ့” ဟု ၎င်းက ဆိုသည်။

ယင်းအပြင် ကုန်တင်ကုန်ချ ပြုလုပ်နေသည့် စက်လှေများတွင်လည်း ဆေးဝါး၊ ဆန်၊ ဆီး၊ ဆား စသည့် ရိက္ခာများအား အကန့်အသတ်ဖြင့်သာ သယ်ယူခွင့်ပေးထားပြီး ကားလမ်းမှတစ်ဆင့် ဆေးဝါးသယ်ယူခွင့်ကို လုံးဝပိတ်ထားခြင်းဖြစ်သည်။

“ကျနော်တို့ စစ်တွေကနေပြီးတော့ ဆေးတစ်ကတ်ထက် ပိုသယ်ယူခွင့်မရဘူး။ ငါးကတ်ဆိုလည်းမရဘူး။ ဘယ်ဆေးဖြစ်ဖြစ် ကျနော်တို့ကို သယ်ယူခွင့်မပေးတာပါ။ ကျောက်တန်းဂိတ်ကနေ အကုန်သိမ်းတယ်။ တချို့ စစ်သားတွေဆိုရင်တော့ ငွေလေးနည်းနည်းပေးပြီး လွှတ်ပေးတာတော့ တစ်ခါတစ်လေရှိတယ်။ ဒါပေမဲ့ များသောအားဖြင့် လုံးဝသယ်ယူခွင့်မရှိပါဘူး” ဟု ပုဏ္ဏားကျွန်းမြို့မှ ဆေးဆိုင်ပိုင်ရှင် ဦးမောင်သန်းက ဆိုသည်။

စစ်ကောင်စီအနေဖြင့် ဆေးဝါသယ်ယူခွင့်အား တိုက်ပွဲစဖြစ်သည့်အချိန်(၂၀၁၈-၁၉ ခုနှစ်)မှ စတင်ကာ အကန့်အသတ်ဖြင့် တင်သွင်းခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မှ စစ်တွေသို့ တင်ပို့သည့် ဆေးဝါးများအား ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ ထောက်ခံချက်လက်မှတ်ပါမှသာ ရန်ကုန်မှ ရခိုင်သို့ တင်ပို့ခွင့်ပေးထားခြင်း ဖြစ်သည်။

ယင်းကဲ့သို့ လက်မှတ်တောင်းခံရာတွင်လည်း အချိန့်ကြန့်ကြာမှုများရှိနေသည့်အတွက် ရခိုင်တွင် မကြာခဏ ဆေးဝါးပြတ်တောက်ခြင်းနှင့် ဈေးအဆမတန် မြင့်တက်လာခြင်းကိုလည်း ကြုံတွေ့နေကြရသည်။

“အရင်က BIOGESIC တစ်လုံးကို ငါးဆယ်ပဲရှိတယ် ။အခုက တစ်လုံးကို ၂၅၀ ဖြစ်သွားတယ်။ ပြောရမယ်ဆိုရင် ငါးဆလောက်ဈေးမြင့်သွားတာပေါ့။ ဒါက မရှိဆင်းရဲသားတွေအတွက် ညောင်းညာနေလို့ ပိုက်ဆံ ငါးဆယ် တစ်ရာမရှိရင် ဆေးမသောက်နိုင်တော့ဘူးဖြစ်သွားတယ်။ တချို့နေ့တွေမှာဆို အဲလောက် ဆေးလေးတစ်လုံးကို လွယ်လွယ်နဲ့ ရှာမရတာလည်းရှိသေးတယ်” ဟု ဦးမောင်သန်းက ဆက်ပြောသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များဖြစ်သည့် မင်းပြား၊ ကျောက်တော်၊မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ မြေပုံ စသည့်မြို့နယ်များတွင် ဆီး၊ ဆား၊ ဆန် တို့အား အကန့်အသတ်ဖြင့်သာ သယ်ယူခွင့်ပေးထားပြီး ဆေးဝါးသယ်ယူခွင့်အား ပိတ်ထားခြင်းလည်းဖြစ်သည်။

ရေလမ်းခရီးအပြင် ရန်ကုန်-စစ်တွေ ကားလမ်းတစ်လျှောက်တွင်လည်း စစ်ဆေးမှုများကို စစ်ကောင်စီက တင်းကျပ်စွာ လုပ်ဆောင်လျက်ရှိသည့်အတွက် ဒေသခံများအနေဖြင့် စိုးရိမ်မှုများရှိနေကြောင်း ခရီးသွားပြည်သူများထံမှ သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly