အရာတော်မြို့နယ် ဝါးရောင်းကျေးရွာမှ ဒေသခံပြည်သူ ၅ ဦးအား စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်

အရာတော်မြို့နယ် ဝါးရောင်းကျေးရွာမှ ဒေသခံပြည်သူ ၅ ဦးအား စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်

ဒီဇင်ဘာလ ၁၄ ရက်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့တောင်ဘက် ခြောက်မိုင်ခန့် အကွာရှိ ဝါးရောင်းကျေးရွာတွင် နေထိုင်သူ ပြည်သူ ငါးဦးအား ဒီဇင်ဘာလ ၁၁ ရက်တွင် စစ်ကောင်စီတပ်မှ ဝင်ရောက်ဖမ်းဆီးသတ်ဖြတ်သွားကြောင်း ဒေသခံပြည်သူတစ်ဦးမှ မဇ္ဈိမအား ယခုလို ပြောသည်။

'' စစ်ကောင်စီအင်အား အတိအကျတော့မသိဘူး ၄၀ ကျော် ၅၀ လောက်တော့ရှိမယ်။ စခ(စကစတပ်သား)တွေက နံနက် ၅ နာရီခွဲ ဝန်းကျင်လောက်မှာ ရွာရဲ့တောခြေပိုင်းကနေ ဝင်လာတယ်။ အဲ့ကနေ ပြည်သူ ခုနစ်ယောက် ဖမ်းဆီးပြီး နှစ်ယောက်ကို တောခြေမှာ သတ်သွားတယ်။ နှစ်ယောက်ကတော့ ထိုးကြိတ်ရိုက်နှက်ပြီး ဘုန်းကြီးကျောင်းထဲမှာ လွှတ်ထားခဲ့တယ်။ ကျန်တဲ့ သုံးယောက်ကိုတော့ ဖမ်းဆီးပြီး ညနေပိုင်းလောက်မှ ရွာကနေ ပြန်ထွက်သွားတယ် '' ဟု အမည်မဖော်လိုသူ ဒေသခံပြည်သူတစ်က ဆိုသည်။

၎င်း​ဖြစ်စဥ်တွင် ကိုဇော်မျိုး(ခ) ညိုလုံး အသက် (၂၄) နှစ်နှင့် ကိုအောင်မင်းတာ(ခ) အောင်မေတ္တာ အသက်(၃၉) နှစ်တို့သည် Local PDF များဖြစ်ပြီး ရွာ၏တောခြေပိုင်းတွင် သတ်ပစ်ထားခဲ့ကာ အသက်(၄၀) ကျော် နှင့် (၆၀) ကျော်အရွယ် နှစ်ဦးအား ရွာ၏ ဘုန်းကြီးကျောင်းထဲတွင် ဒဏ်ရာတွေနှင့် ထားရှိခဲ့ပြီး ပြည်သူ သုံးဦးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။

ဖမ်းဆီးခေါ်ဆောင်သွားသောသူ နှစ်ဦးတို့အား ကျောက်ပြောက်ရွာအနီးတွင် လည်လှီးသတ်ထားခဲ့ကြောင်းလည်း သိရှိရသည်။

အရာတော်မြို့နယ်၊ ဝါးရောင်းကျေးရွာအား ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် စစ်ကောင်စီတပ်များ ဝင်ရောက်ခြင်းသည် ဒုတိယအကြိမ်ဖြစ်ပြီး တောနေပြည်သူပိုင် အိမ် ခုနစ်လုံး ( တစ်လုံးသည် Non CDM အိမ်ဖြစ်သည်)ကို မီးရှို့ထားခဲ့ကြောင်းလည်း သိရှိရသည်။ အောက်တိုဘာလ ၂၈နေ့တွင်လည်း ပထမအကြိမ် ဝင်ရောက်ကာ နေအိမ် ကိုးလုံးကို မီးရှို့ဖျက်ဆီးထားခဲ့ကြောင်း ထပ်မံသိရှိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly