အရာတော်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ပကဖ ၂ ဦး နှင့် ပြည်သူ ၃ ဦးကို သတ်ဖြတ်

အရာတော်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ပကဖ ၂ ဦး နှင့် ပြည်သူ ၃ ဦးကို သတ်ဖြတ်

ဒီဇင်ဘာလ ၁၄ ရက်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးအဖွဲ့ဝင်များသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦးနှင့် ပြည်သူ သုံးဦးကို သတ်ဖြတ်ခဲ့ကြောင်းသိရသည်။

ဒီဇင်ဘာလ ၁၁ရက်နေ့က အရာတော်တောင်နယ်ကျေးရွာများကို စစ်ကောင်စီတပ်သားများနှင့် ကျောက်ပြောက်ကျေးရွာမှ ပျူစောထီး အင်အား ၄၀ခန့်သည် ဝါးရောင်းကျေးရွာသို့ စစ်ကြောင်းထိုးစဉ် ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦးဖြစ်သော ရဲဘော် အောင်မေတ္တာ နှင့် ရဲဘော်ညိုလုံး တို့အား ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ရဲဘော် အောင်မေတ္တာကို ဖမ်းမိသွားပြီး သူ့တဲကို သူ့ရှေ့မှာတင် မီးရှို့ပြီး ဒူးထောက်ထိုင်ခိုင်းပြီး ခေါင်းကို ပစ်သတ်သွားတယ် ။ ရဲဘော်ညိုလုံး ကင်းစောင့်ရင်း အဖမ်းခံရပြီး ဓားနဲ့ မွှန်းပြီးမှ ခေါင်းကို တေ့ပစ်သွားတာ” ဟု အရာတော် ပကဖ ပြန်ကြားရေးတာဝန်ခံက မဇ္စျိမကို ပြောသည်။

၎င်းအပြင် အဆိုပါစစ်ကောင်စီ စစ်ကြောင်းသည် ဝါးရောင်းကျေးရွာမှ ပြည်သူ သုံးဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ဓားဖြင့်မွှန်း၍ နှိပ်စက် သတ်ဖြတ်ကာ ကျောက်ပြောက် ပျူစောထီးအများစုရှိရာ ရွာအနီးတွင် အလောင်းများကို စွန့်ပစ်ထားခဲ့ကြောင်းသိရ သည်။

အရာတော်မြို့ ရှိ စစ်ရေးအခြေခံလေ့ကျင့်ရေးတပ် (စခတ ၁၀) မှစစ်ကောင်စီတပ်သားများသည် ပျူစောထီးအားကောင်းသော ကျောက်ပြောက်ကျေးရွာကို အခြေကုပ်ယူပြီး အရာတော်တောင်နယ်များကို လှည့်လည်စစ်ကြောင်းထိုးကာ ပြည်သူများ တိမ်းရှောင်ချိန်တွင် ရွှေ ၊ ငွေ နှင့် အဖိုးတန် လူ့အသုံးအဆောင်ပစ္စည်းများကို ခိုးယူလုယက်ခြင်း ၊ မီးရှို့ခြင်းများ ၊ လူသတ်ခြင်းများအပါအဝင် ရာဇဝတ်မှုများကို ကျူးလွန်နေကြောင်း ဆိုသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ စခန်းချသွားရာ ဝါးရောင်း ကျေးရွာဘုန်းကြီးကျောင်းတွင် ၎င်းတို့ မူးယစ်ဆေးဝါးများ သုံးစွဲသွားခဲ့သည်ဟု ယူဆနိုင်သည့် သက်သေအထောက်အထားများ ကာကွယ်ရေးတပ်ဖွဲ့မှ ရရှိထားကြောင်း သိရသည်။

အရာတော်မြို့နယ်တွင် ငွေတွင်း ၊ စပါးတွင်း ၊ သလဲဘာ ၊ ကန်ရင်း ၊ သစ်ကျင်းကြီး၊ ကျောက်ပြော စသည့် ကျေးရွာများတွင် ပျူစောထီးအဖွဲ့ဝင်များ အားကောင်းပြီး စစ်ကောင်စီတပ်မှ စစ်သင်တန်းများပေး၍ လက်နက်များလည်းတပ်ဆင်ပေးထားကြောင်း သိရသည်။

“ အဲဒီရွာတွေက ပျူတွေကို စစ်ကောင်စီတပ်တွေက အသေခံဘို့လိုခဲ့ရင် ပျူတွေကို သုံးတာပေါ့၊ ရွာတွေထဲမှာတော့ ရမ်းကားခွင့်တွေပေးထားတယ်” ဟု ပကဖ ပြန်ကြားရေးတာဝန်ခံက ဆက်လက်ပြောဆိုသည်။

ပျူစောထီးများသည် စစ်ကောင်စီတပ် စစ်ကြောင်းများတွင် လိုက်ပါရလေ့ရှိပြီး ၎င်းတို့ ရွာများတွင် ရမ်းကားခွင့် ၊ အယူအဆမတူသူများ၊ NLD အဖွဲ့ဝင်များအပေါ်ဖိနှိပ်ခွင့် ၊ ငွေကြေးတောင်းခံခွင့် ၊ အတင်းအဓမ္မဖမ်းဆီးနှိပ်စက်ခွင့်များ ပေးထားကြောင်း သိရသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီစစ်ကြောင်းများနှင့် တွေ့ဆုံပြီး ဓားစာခံများအဖြစ် အဖမ်းအဆီးမခံရစေရန် တော်လှန်ရေး စစ်ရေး သတင်းများကို နားစွင့်ပြီး ဒေသအတွင်းရှိ တော်လှန်ရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ သတိနှင့် နေထိုင်ကြရန် နှင့် ကိုယ်ရေးအချက်အလက်များ လုံခြုံမှုရှိစေရန် ဖုန်းများအတွင်း အချက်အလက် များထားရှိခြင်းအား သတိကြီးကြီးထားကြစေလိုကြောင်း ပြန်ကြားရေးတာဝန်ခံမှ အကြံပေးပြောဆိုသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly