ဒီဇင်ဘာလ ၁၄ ရက်
ရက္ခိုင့်တပ်တော်(AA)က ရခိုင်နိုင်ငံဖြစ်လာချိန်တွင် နယ်မြေခွဲပေးမည်ဟုဆိုကာ ရိုဟင်ဂျာများကို လူသစ်စုဆောင်းနေကြောင်း ပုံဟောင်းကိုအသုံးပြုကာ ဖြန့်ဝေမှုများရှိနေသည်။ အဆိုပါ အကြောင်းအရာ မှာ မှားယွင်းနေသည်။
“May Yu Htar Nay”အမည်ရှိ တယ်လီဂရမ်မှ စတင်၍ ရခိုင်နိုင်ငံဖြစ်လာပါ နယ်မြေခွဲပေးမည်ဟုဆိုကာ ရိုဟင်ဂျာများကို လူသစ်စုဆောင်းနေကြောင်း ပုံနှင့်တကွရေးသားဖြန့်ဝေထားသည်။ ထိုအကြောင်းကိုပင် အခြား တယ်လီဂရမ်ချန်နယ်များတွင်လည်းဖြန့်ဝေထားပြီး ကြည့်ရှုသူ စုစုပေါင်း ၃၀,၀၀၀ ကျော်နေပြီ ဖြစ်သည်။
အလားတူ ဖေ့ဘုတ်တွင်လည်း ပျံ့နှံ့ခဲ့သည်။
မဇ္ဈိမ၏အချက်အလက်စစ်ဆေးချက်များအရ အဆိုပါပုံမှာ ရက္ခိုင့်တပ်တော်၏လှုပ်ရှားမှုများကို တင်ဆက် ပေးနေသည့် Arakan Army အမည်ရှိ You Tube ချန်နယ်က တင်ဆက်ထားသည့်ဗီဒီယိုဖိုင်မှဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် ဘူသီးတောင်မြို့နယ်ရှိ ကန္ဒရွာမှ ရွာသားနှစ်ဦး စပါးကောက်လှိုင်းပုံများကို ရည်ရွယ်ချက် ရှိရှိ မီးရှို့ခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းထားသည့် ဖိုင်ဖြစ်သည်။ ထိုအကြောင်းကို AA မှ ၂၀၂၂ ခုနှစ်ဇွန်လတွင် ဖော်ထုတ်တင်ပြထားခြင်းဖြစ်သည်။ လင့် - https://bit.ly/3ho3XAc
ဤအကြောင်းနှင့် ပတ်သက်၍ ရိုဟင်ဂျာများအရေး လှုပ်ရှားသူ ရိုနေဆန်းလွင်မှလည်း “မေယုဌာနေ တယ်လီဂရမ်က စစ်တပ်ဝါဒဖြန့် ချန်နယ်တစ်ခုပါ၊ ဒီချန်နယ်ဟာ AA နှင့် ရခိုင်လူမျိုးကြား သွေးခွဲဖို့ရယ်၊ ရိုဟင်ဂျာတွေနဲ့ရခိုင်တွေကြား လှုံဆော်ပြဿနာရှာဖို့လုပ်ဆောင်နေတာဖြစ်ပါတယ်။ ရခိုင်နိုင်ငံတော်မှာ နေရာပေးမယ်ဆိုတဲ့သဘောတူညီမှု AA နဲ့ ရိုဟင်ဂျာအဖွဲ့အစည်းတွေကြား မရှိပါဘူး၊ ရိုဟင်ဂျာအမျိုးသား အချို့ သူတို့သဘောဆန္ဒအလျောက် AA မှာတာဝန်ထမ်းဆောင်မှုတော့ရှိပါတယ်" ဟု ဖြေကြားသည်။
ထို့ကြောင့် ယခုပျံ့နှံ့နေသည့် ရခိုင်နိုင်ငံတော်တွင်နေရာပေးမည်ဟုဆိုကာ ရိုဟင်ဂျာများကို AA မှ လူသစ် ခေါ်ယူစုဆောင်းနေသည်ဆိုသည်မှာ စစ်တပ်ထောက်ခံသူများမှ လုပ်ကြံဖန်တီးထားသည့် သတင်းတစ်ပုဒ် သာဖြစ်သည်။
“May Yu Htar Nay” တယ်လီဂရမ်ချန်နယ်သည် ရက္ခိုင့်တပ်တော်(AA)နှင့် အကြမ်းဖက်စစ်ကောင်စီ တပ်အကြား တကျော့ပြန်တိုက်ပွဲပြင်းထန်လာချိန် ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းတွင်စတင်ပြုလုပ်ခဲ့ပြီး နောက်ပိုင်းတွင် ရခိုင်ဒေသအတွင်း ဒေသခံနှင့် AA ကြား၊ ရခိုင်လူမျိုးများနှင့် ရိုဟင်ဂျာများကြား လူမျိုး ရေးတိုက်ခိုက်မှုကို တစ်စိုက်မတ်မတ်ရေးသားလာသည့် တယ်လီဂရမ်ချန်နယ်ဖြစ်သည်။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့်သို့ - https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။
စာတည်း။ ။စောဖေ