ယူကရိန်းထံ Patriot ‌‌လေကြောင်းရန်ကာစနစ် ပေးပို့ရန် အမေရိကန် စဉ်းစားနေ 

ယူကရိန်းထံ Patriot ‌‌လေကြောင်းရန်ကာစနစ် ပေးပို့ရန် အမေရိကန် စဉ်းစားနေ 

ဒီဇင်ဘာလ ၁၄ ရက်

ယူကရိန်း ပဋိပက္ခအတွင်း ဖြစ်တန်သော အချက်အချာကျသည့် လုပ်ဆောင်ချက်အဖြစ် အမေရိကန်နိုင်ငံသည် ယူကရိန်းထံ Patriot လေကြောင်းရန်ကာစနစ် ပေးပို့ရန် အဆုံးသတ် အစီအစဉ်များနှင့် နီးကပ်လျက် ရှိနေချိန် ယူကရိန်း၊ ကိယက်ဗ်မြို့တော်က လေကြောင်းရန်ကာစနစ်များသည် ဗုဒ္ဓဟူးနေ့၌ ရုရှဒရုန်း ၁၀ စင်းကို ပစ်ချခဲ့ကြောင်း မြို့တော်ဝန်က ပြောသည်။ 

အီရန်လုပ် Shahed ဒရုန်း ၁၀ စင်းကို လေကြောင်းရန်ကာစနစ်က ပစ်ချခဲ့ပြီး အလယ်ပိုင်း ရှစ်ချန်ကီစကီးခရိုင်တွင် ပေါက်ကွဲမှုများ ဖြစ်ကြောင်း မြို့တော်ဝန် ဗီတာလီ ကလစ်ချာကိုက ပြောသည်။ 

ရှစ်ချန်ကီစကီးခရိုင်ရှိ အစိုးရဌာနဆိုင်ရာ အဆောက်အအုံ နှစ်ခု ပျက်စီးသည်ဟု ကနဦးသတင်းအရ သိရပြီး ဖြစ်နိုင်သော သေဆုံးပျက်စီးမှုသတင်းနှင့် ပတ်သက်ပြီး ခွဲခြားစစ်ထုတ်နေကြောင်း ကိယက်ဗ်အာဏာပိုင်များက ပြောသည်။ 

ရိုက်တာအနေဖြင့် သတင်းနှင့် ပတ်သက်ကာ လွတ်လပ်စွာ အတည်မပြုနိုင်ပေ။ 

Patriot စနစ် ယူကရိန်းကို ပေးရန် အမေရိကန်အနေဖြင့် ကြာသပတေးနေ့ အစောဆုံးအားဖြင့် ဆုံးဖြတ်ချက်ကို ကြေညာသွားမည် ဖြစ်ကြောင်း တာဝန်ရှိသူနှစ်ဦးက ရိုက်တာသို့ အင်္ဂါနေ့တွင် ပြောသည်။ Patriot စနစ်သည် အမေရိကန်၏ ခေတ်အမီဆုံး လေကြောင်းရန်ကာစနစ်များမှ တစ်ခုဖြစ်သည်။ 

ယူကရိန်းအား Patriot ဒုံးခွင်းဒုံးစနစ် တပ်ဆင်ပေးခြင်းနှင့် ပတ်သက်ကာ ရုရှသမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်က နေတိုးကို သတိပေးထားပြီး ယင်းအရေးကို ရုရှက တင်းမာမှု အရှိန်မြင့်တက်ခြင်းအဖြစ် ရှုမြင်ဖွယ်ရာ ရှိသည်။ 

Patriot စနစ်ဖြင့် ယူကရိန်းသည် အခြေခံအဆောက်အအုံများအား ရုရှ၏ ဒုံးကျည်နှင့် ဒရုန်း တိုက်ခိုက်မှုလှိုင်းများမှ ကာကွယ်နိုင်မည် ဖြစ်သည်။  

နိုင်ငံအနှံ့တွင် လေကြောင်းရန်ကာစနစ် လိုအပ်ကြောင်းကို ယူကရိန်း လက်နက်ကိုင်တပ်များ စစ်ဦးစီးချုပ်ရုံးက ဗုဒ္ဓဟူးနေ့ နံနက်ပိုင်း အစီရင်ခံစာတွင် အသားပေး ဖော်ပြထားသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly