အာဖဂန်ပြည်သူများအတွက် စာနာမှုအကူအညီများ ရက်ရောစွာ ထောက်ပံ့ပေးနေသည့် အိန္ဒိယကို အမေရိကန်အစိုးရ ချီးကျူး

By Daily Hunt
14 December 2022
အာဖဂန်ပြည်သူများအတွက် စာနာမှုအကူအညီများ ရက်ရောစွာ ထောက်ပံ့ပေးနေသည့် အိန္ဒိယကို အမေရိကန်အစိုးရ ချီးကျူး

အာဖဂန်နစ္စတန်ဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် သောမတ်စ် ဝက်စ်သည် ဒီဇင်ဘာ ၅ ရက်က အိန္ဒိယအဆင့်မြင့်ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီး စစ်ဒဏ်သင့် အာဖဂန်နစ္စတန်နိုင်ငံနှင့်ပတ်သက်ပြီး အမြင်သဘောထားချင်းတူညီသော အကြောင်းကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

ထိုကဲ့သို့ ဆွေးနွေးမှုနှင့် ပတ်သက်၍ “အာဖဂန်နစ္စတန်နဲ့ပတ်သက်လို့ အမြင်သဘောထားချင်း တူညီတဲ့ ကိစ္စတွေကို ဆွေးနွေးဖို့ ဒေလီမှာ အိန္ဒိယရဲ့ နိုင်ငံတော်လုံခြုံရေး လက်ထောက်အကြံပေး ဗီခရန် မစ်စရီ အပါအဝင် အခြားအိန္ဒိယအရာရှိတွေနဲ့ တွေ့ဆုံရလို့ ဝမ်းသာပါတယ်။ အာဖဂန်ပြည်သူတွေရဲ့ ရောင်းရင်းမိတ်ဆွေအနေနဲ့ အိန္ဒိယက အာဖဂန်တွေရဲ့ အခြေခံ အခွင့်အရေးတွေအတွက် စိတ်ပိုင်းဖြတ်နှစ်မြှုပ်လုပ်ဆောင်ပေးနေတာနဲ့ လူသားချင်းစာနာမှု အကူအညီတွေ ရက်ရက်ရောရော ပေးမှုအတွက် အမေရိကန်အနေနဲ့ အင်မတန် တန်ဖိုးထားချီးကျူးပါတယ်” ဟု အမေရိကန် အထူးသံတမန် သောမတ်စ် ဝက်စ်က တွစ်တာတွင် ရေးသည်။

အာဖဂန်နစ္စတန်တွင် အဓိပ္ပါယ်ပြည့်ဝပြီး ရေရှည်တည်မြဲသော ငြိမ်းချမ်းမှုကို ထူထောင်နိုင်ရေး ကြိုးပမ်းမှုများ၏ တစိတ်ဒေသအဖြစ် အဆိုပါနိုင်ငံ၌ အမျိုးသမီးများ၏ အခွင့်အရေးများ ယိုယွင်းဆိုးရွားနေမှုနှင့် အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုတို့ကို အဆုံးသတ်စေရေး အမြန်ဆုံးလုပ်ဆောင်သွားရန် အာဖဂန်ဆိုင်ရာ ကုလသမဂ္ဂ အကူအညီပေးရေး မစ်ရှင်အဖွဲ့က တာလီဘန်တို့ကို တိုက်တွန်းထားသည်။

အာဖဂန်နစ္စတန်တွင် တာလီဘန်တို့သည် ဆင်ဆာဖြတ်တောက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင် ထားပြီး ဝေဖန်ဆန်းစစ်သတင်းရေးသားမှုအပေါ် ထိန်းချုပ်ကန့်သတ်လျက် ရှိသလို သတင်းသမားများကို ဖမ်းဆီး ရိုက်နှက်မှုများ လုပ်ဆောင်ထားကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) က ပြောသည်။

အာဖဂန်လူဦးရေ၏ ၉၀ ရာခိုင်နှုန်းကျော်သည် စိုးရိမ်စရာကောင်းသော စားနပ်ရိက္ခာ မလုံခြုံမှုနှင့် ရင်ဆိုင် နေရသလို အဆိုပါနိုင်ငံတွင် ဆေးဝါးများ ရှားပါးပြတ်လပ်နေကာ အာဟာရချို့တဲ့မှုနှင့် ဆက်နွယ်သည့် ရောဂါ ဖြစ်ပွားမှုများလည်း မြင့်တက်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required