အီးယူက မူပိုင်ခွင့်နှင့်လစ်သူယေးနီးယားဆိုင်ရာ တရုတ်အရေးအတွက် WTO တွင် အကဲဖြတ်အဖွဲ့ ဖွဲ့စည်းရန် တောင်းဆို

အီးယူက မူပိုင်ခွင့်နှင့်လစ်သူယေးနီးယားဆိုင်ရာ တရုတ်အရေးအတွက် WTO တွင် အကဲဖြတ်အဖွဲ့ ဖွဲ့စည်းရန် တောင်းဆို

ဥရောပကော်မရှင်သည် နှစ်နိုင်ငံအကြား မဖြေရှင်းနိုင်သော တရုတ်နှင့်ကုန်သွယ်မှုအငြင်းပွားမှု ၂ ရပ်အတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၌ အကဲဖြတ်စစ်ဆေးမှုအဖွဲ့ ဖွဲ့စည်းရန် ဒီဇင်ဘာ ၇ ရက်က တောင်းဆိုလိုက်သည်။

ယခုနှစ်အစပိုင်းတွင် WTOသို့ရောက်ရှိလာသောအငြင်းပွားမှုများတွင် နည်းပညာမြင့် မူပိုင်ခွင့်များကို ကာကွယ်ရေးအတွက် ပြည်ပတရားရုံးများကိုသုံးသည့် အီးယူကုမ္ပဏီများ၏လုပ်ပိုင်ခွင့်များကို တရုတ်က ဟန့်တားခြင်းများနှင့် အီးယူအဖွဲ့ဝင် လစ်သူယေးနီးယားနှင့်ကုန်သွယ်မှုကိစ္စတို့ဖြစ်သည်။

အဖွဲ့ဝင် ၂၇ နိုင်ငံပါ ဥရောပသမဂ္ဂအတွက် ကုန်သွယ်မှုမူဝါဒကို ကြီးကြပ်သည့် အီးယူ အမှုဆောင်အရာရှိက အဆိုပါ အငြင်းပွားမှုနှစ်ခုစလုံးသည် ဥရောပစီးပွားရေးလုပ်ငန်းများကို များစွာထိခိုက်စေကာ လစ်သူယေးနီးယားနှင့် အီးယူအတွင်း ကုန်သွယ်မှုနှင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုများကို အနှောင့်အယှက်ဖြစ်စေသည်ဟု ပြောကြားခဲ့သည်။

ဥရောပကော်မရှင်က ပထမအဆင့်အဖြစ် WTOတွင် တရုတ်နှင့်ဆွေးနွေးညှိနှိုင်းမှုများလုပ်ရန် တရားဝင်တောင်းဆိုခဲ့သည်။ ဆွေးနွေးညှိနှိုင်းမှုများက အငြင်းပွားမှုများကို ဖြေရှင်းနိုင်သည်ဆိုသည်မှာ ဖြစ်တောင့်ဖြစ်ခဲ ဖြစ်သည်။

အီးယူအမှုဆောင်က WTOအကဲဖြတ်စစ်ဆေးမှုအဖွဲ့များကို ၂၀၂၃ ခုနှစ်အစောပိုင်းတွင် ဖွဲ့စည်းသွားဖွယ်ရှိကြောင်းနှင့် အဖွဲ့ ဖွဲ့စည်းရေးလုပ်ငန်းစဉ်မှာ ၁ နှစ်ခွဲခန့်ကြာနိုင်သည်ဟု ပြောသည်။

တရုတ်နိုင်ငံသည် WTO ၏ အငြင်းပွားမှုဖြေရှင်းရေးလုပ်ထုံးလုပ်နည်းနှင့်အညီ အီးယူ၏ ကုန်သွယ်ရေးအငြင်းပွားမှုများကို ကိုင်တွယ်ဖြေရှင်းမည်ဖြစ်ကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်နှင့် အီးယူတို့က စည်းမျဥ်းစည်းကမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ကာ တရုတ်နိုင်ငံကို စုပေါင်းရင်ဆိုင်ရန် ရည်ရွယ်လျက် ကုန်သွယ်မှုနှင့် နည်းပညာကောင်စီ (TTC) ၏ တတိယမြောက် ဝန်ကြီးအဆင့် အစည်းအဝေးကို ဒီဇင်ဘာ ၅ ရက်တွင် ကျင်းပခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly