တရုတ်ဟက်ကာများက အမေရိကန်ဒေါ်လာသန်းနှင့်ချီသော ကိုဗစ် ကူညီရေး ရန်ပုံငွေများကို ခိုးယူ

တရုတ်ဟက်ကာများက အမေရိကန်ဒေါ်လာသန်းနှင့်ချီသော ကိုဗစ် ကူညီရေး ရန်ပုံငွေများကို ခိုးယူ

အလုပ်လက်မဲ့ အာမခံရန်ပုံငွေနှင့် အသေးစားစီးပွားရေးစီမံခန့်ခွဲမှုချေးငွေများအပါအဝင် အမေရိကန်ကိုဗစ် သက်သာခွင့်ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၂၀ ထက်မနည်းကို တရုတ်အခြေစိုက် ဟက်ကာများက ခိုးယူခဲ့ကြောင်း အမေရိကန်ထောက်လှမ်းရေးဌာနကို ကိုးကား၍ NBC သတင်းဋ္ဌာက ဖော်ပြလိုက်သည်။

တရုတ်အစိုးရနှင့် ချိတ်ဆက်ထားသော ဟက်ကာများသည် ချန်ဒူးမြို့အခြေစိုက် APT41 ဟုခေါ်သော အုပ်စုမှ ဖြစ်သည်။ ကူးစက်ရောဂါဆိုင်ရာ လိမ်လည်မှုနှင့် ပတ်သက်သည့် အခြားစုံစမ်းမှုများတွင်လည်း နိုင်ငံခြားအစိုးရ နှင့် ဆက်နွယ်နေသည့် ဟက်ကာများကို ခြေရာခံမိခဲ့ကြောင်း အစီရင်ခံစာက ဆိုသည်။

"ဒီအဖွဲ့က အမေရိကန် ပြည်နယ် ၅၀ လုံးကို ပစ်မှတ်ထားနေတာ ရူးချင်စရာပါပဲ" ဟု လျှိုဝှက်စုံထောက်အဖွဲ့၏ နိုင်ငံတော်ကူးစက်ရောဂါဆိုင်ရာ လိမ်လည်မှုများမှ နာလန်ထူရေးဆိုင်ရာ ညှိနှိုင်းရေးမှူး ရိုင်း ဒိုတန်က NBC သို့ ပြောကြားခဲ့သည်။

အခြားစုံစမ်းစစ်ဆေးမှုများကို အမေရိကန်လျှို့ဝှက်စုံထောက်အဖွဲ့က အတည်ပြုရန် ငြင်းဆိုခဲ့သည်။

နိုင်ငံဖြတ်ကျော်နှင့် ပြည်တွင်းရာဇဝတ်မှုကျူးလွန်သူများပါဝင်သည့် အများပြည်သူဆိုင်ရာ ရန်ပုံငွေလိမ်လည်မှု ပေါင်း ၁၀ဝ၀ ကျော်ကို စုံစမ်းစစ်ဆေးနေကြောင်းနှင့် ယင်တို့တွင် APT41 သည် အထင်ရှားဆုံးဖြစ်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည် ။

မကြာသေးမီလများအတွင်း အမေရိကန်သည် တရုတ်မှ ထိုးဖောက်နေသော သူလျှိုမှုများ မြင့်တက်လာ သည်ကို ကြုံတွေ့နေရသည်။

နိုဝင်ဘာလက သီးခြားအမှု ၃ ခုတွင် တရုတ်လုံခြုံရေးနှင့် ထောက်လှမ်းရေးအဖွဲ့ဝင်များနှင့် ယင်းတို့၏ အေးဂျင့် များအပါအဝင် လူ ၁၃ ဦးကို အမေရိကန်အစိုးရက နိုင်ငံခြားအစိုးရအကျိုးအတွက် ဥပဒေမဲ့ သြဇာလွှမ်းမိုးရန် ကြိုးပမ်းမှုဖြင့် တရားစွဲဆိုခဲ့သည်။

အမေရိကန်တွင် နေထိုင်သော တရုတ်အမျုးိသားတစ်ဦးအား အတင်းအကျပ် နေရပ်ပြန်ပို့ရေး စီမံချက်တွင် စွဲချက်တင်ခံရသည့် တရုတ်နိုင်ငံသား ၇ ဦးအနက် ၂ ဦးမှာ အောက်တိုဘာ ၂၀ ရက်က နယူးယောက်တွင် ဖမ်းဆီး ခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly