လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ ဗြိတိန်အစိုးရ၏ အစီရင်ခံစာကို တရုတ် ပယ်ချ

လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ ဗြိတိန်အစိုးရ၏ အစီရင်ခံစာကို တရုတ် ပယ်ချ

တရုတ်နိုင်ငံတွင် ဆိုးရွားယိုယွင်းလာသော လူ့အခွင့်အရေးအခြေအနေအကြောင်း အသေးစိတ်ရေးသားထားသည့် ဗြိတိန်နိုင်ငံခြားရေးရုံးမှ မကြာသေးမီက ထွက်ရှိလာသော အစီရင်ခံစာကို တရုတ်က ပယ်ချလိုက်သည်။

ရှင်ကျန်း၊ ဟောင်ကောင်နှင့်တိဗက်တို့နှင့်ဆက်စပ်သော အရေးကိစ္စများသည် တရုတ်၏ ပြည်တွင်းရေး ကိစ္စသာဖြစ်ကြောင်း တရုတ်သံရုံးက ပြောသည်။

တရုတ်နိုင်ငံတွင် လူ့အခွင့်အရေးအခြေအနေသည် ၂၀၂၁ ခုနှစ်တွင် ဆက်လက်ဆိုးရွားနေခဲ့ပြီး ရှင်ကျန်းတွင် ကျယ်ပြန့်သော အကွက်ချ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ညှင်းပန်းနှိပ်စက်မှုများ မြင့်တက်လာကြောင်း ‘လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ’ ဟုခေါင်းစဉ်တပ်ထားသော ဗြိတိန်နိုင်ငံခြားရေးရုံး၏အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

တရုတ်သည် မီဒီယာလွတ်လပ်ခွင့်၊ ဘာသာရေးလွတ်လပ်ခွင့်၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်နှင့် တရားဥပဒေစိုးမိုးရေးများအပေါ် ကြီးမားကျယ်ပြန့်သော ကန့်ချက်ချက်များဆက်လက်ချမှတ်ထားပြီး လိင်စည်းမခြားအုပ်စုများ၊ အမျိုးသား/အမျိုးသမီးအခွင့်အရေးနှင့် အရပ်ဖက်အဖွဲ့အစည်းများလွတ်လပ်စွာ လုပ်ဆောင်ခွင့်အပေါ်လည်း ကန့်သတ်ချက်များ ရှိနေဆဲဖြစ်သည်ဟု အစီရင်ခံစာ၌ ဖော်ပြထားသည်။

ဟောင်ကောင်တွင် အရပ်ဖက်လွတ်လပ်ခွင့်များ အထူးသဖြင့် လွတ်လပ်စွာ ပြောဆိုခွင့်ကို ထိန်းချုပ်ကန့်သတ်ထားကြောင်း ဗြိတိန်နိုင်ငံခြားရေးရုံးက ပြောသည်။ တရုတ်အာဏာပိုင်များသည် ဝီဂါမွတ်စလင်များနှင့် တခြားတိုင်းရင်းသားလူနည်းစုများကို နိုင်ငံရေးဆိုင်ရာ ပြန်လည်ပညာပေးရေးစခန်းများတွင် ဥပဒေမဲ့ထိန်းသိမ်းခြင်းအပါအဝင် လူ့အခွင့်အရေးများကို ချိုးဖောက်သော မူဝါဒများကို ဆက်ကျင့်သုံးနေကြောင်း ဗြိတိန်အစိုးရက ပြောသည်။

တရုတ်အာဏာပိုင်များသည် ကိုဗစ်-၁၉ ကပ်ရောဂါကို တုံ့ပြန်သည့်အနေဖြင့် တရုတ်ပြည်သူများကို စောင့်ကြပ်စစ်ဆေးခြင်း၊ စောင့်ကြည့်ခြင်းနှင့် ခြေရာခံခြင်းတို့ကို တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။

တရုတ်က လူ့အခွင့်အရေးကာကွယ်သူများ၏လှုပ်ရှားသွားလာမှုကို ကန့်သတ်ရန် ကျန်းမာရေးကုဒ် အက်ပလီကေးရှင်းများဖြင့် ကြိုးကိုင်ခြယ်လှယ်နေသည်ဟူသော သတင်းများလည်း ကြားရကြောင်း ဗြိတိန်အစီရင်ခံစာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required