ကဘူးလ်မြို့ရှိ ဟိုတယ်တိုက်ခိုက်ခံရမှုတွင် တရုတ်နိုင်ငံသား ၅ ဦး ပြင်းထန်ဒဏ်ရာရ

ကဘူးလ်မြို့ရှိ ဟိုတယ်တိုက်ခိုက်ခံရမှုတွင် တရုတ်နိုင်ငံသား ၅ ဦး ပြင်းထန်ဒဏ်ရာရ

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့လယ်ရှိ ဟိုတယ်တစ်ခု၌ သေနတ်နှင့်ဗုံးများဖြင့် တိုက်ခိုက်ခံရမှုတွင် တရုတ်နိုင်ငံသား ၁ ဒါဇင်ကျော် ဒဏ်ရာရရှိခဲ့ပြီး ၎င်းအနက် ၅ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း တရုတ်စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ဒီဇင်ဘာ ၁၃ ရက်တွင် ပြောသည်။

တာလီဘန်အုပ်ချုပ်သော အာဖဂန်အစိုးရသည် ဒီဇင်ဘာ ၁၂ ရက်ကဖြစ်ပွားခဲ့သည့်တိုက်ခိုက်မှုအကြောင်း အသေးစိတ်ကို တရားဝင်ထုတ်ပြန်ခြင်းမရှိသော်လည်း နိုင်ငံခြားသားများ သေဆုံးခြင်းမရှိကြောင်း ပြောသည်။ အိုင်အက်စ်အဖွဲ့က ၎င်းတို့လက်ချက်ဖြစ်ကြောင်း ကြေညာခဲ့သည်။

တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် တရုတ်နိုင်ငံသား ၃၀ ကျော်သည် ဟိုတယ်အတွင်း၌ရှိနေကြောင်း ကဘူးလ်မြို့ရှိ China Town စီးပွားရေးဇုန်အကြီးအကဲလည်းဖြစ် အာဖဂန်နစ္စတန်ရှိ တရုတ်စီးပွားရေး လုပ်ငန်းရှင်လည်း ဖြစ်သည့် ယူမင်းဟွေက Reuters သတင်းဌာနသို့ ပြောသည်။

“ဒဏ်ရာရသူတွေထဲက ၅ ယောက်က အထူးကြပ်မတ်ဆောင်မှာ ကုသနေပါတယ်။ ၁၃ ယောက်၊ ၁၄ လောက်က ဒဏ်ရာပြင်းပြင်းထန်ထန်ရထားပါတယ်။ တခြားသူတွေကတော့ ဆေးရုံကဆင်းသွားပါပြီ” ဟု ယူမင်းဟွေက ပြောသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်နိုင်ငံသား ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ပထမအကြိမ် ပေါက်ကွဲမှုမဖြစ်ခင် ၁ နာရီခန့်အလို၌ ဟိုတယ်ဧရိယာအတွင်း စီးနင်းမှုနှင့် ဖမ်းဆီးမှုများ ရှိခဲ့ကြောင်း အနီးရှိ မျက်မြင်သက်သေတစ်ဦးက ပြောသည်။

အိုင်အက်စ်အဖွဲ့က ၎င်းတို့အဖွဲ့ဝင် ၂ ဦးသေဆုံးကြောင်းနှင့် လုံခြုံရေးအဖွဲ့ဝင်နှင့် တရုတ်နိုင်ငံသား ၃၀ ဦးခန့် သေဆုံး သို့မဟုတ် ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

အာဖဂန်နစ္စတန်တွင် ယမန်နှစ်က တာလီဘန်တို့ အာဏာရလာပြီးနောက်ပိုင်း နိုင်ငံအတွင်းရှိ တရုတ်အကျိုးစီးပွားများ ပထမဆုံး တိုက်ခိုက်ခံရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required