ဝီဂါအဖွဲ့များက ဒီဇင်ဘာ ၉ ရက်ကို ဝီဂါလူမျိုးတုံးသတ်ဖြတ်မှုအပေါ် အသိအမှတ်ပြုနေ့ အဖြစ် သတ်မှတ်ပေးရန် တောင်းဆို

ဝီဂါအဖွဲ့များက ဒီဇင်ဘာ ၉ ရက်ကို ဝီဂါလူမျိုးတုံးသတ်ဖြတ်မှုအပေါ် အသိအမှတ်ပြုနေ့ အဖြစ် သတ်မှတ်ပေးရန် တောင်းဆို

တရုတ်က နိုင်ငံအနောက်ပိုင်း ရှင်ကျန်းဒေသရှိ ဝီဂါများနှင့်တခြားတိုင်းရင်းသားလူနည်းစုများအပေါ် လူမျိုးတုံး သတ်ဖြတ်မှုကျူးလွန်ခဲ့သည်ကို တွေ့ရှိခဲ့ကြောင်း ဗြိတိန်အခြေစိုက် ဝီဂါခုံရုံးက ကြေညာခဲ့သည့် ၁ နှစ်ပြည့်တွင် ဝီဂါအဖွဲ့အစည်း ၅၅ ဖွဲ့က ဒီဇင်ဘာ ၉ ရက်အား ဝီဂါလူမျိုးတုံးသတ်ဖြတ်မှုအပေါ် အသိအမှတ်ပြု နေ့အဖြစ် သတ်မှတ်ပေးရန် ကမ္ဘာ့နိုင်ငံများကို တောင်းဆိုလိုက်သည်။

လန်ဒန်တွင် ပြုလုပ်ခဲ့သော ရုံးတင်စစ်ဆေးမှုသည် ဝီဂါအကျဉ်းသားဟောင်းများနှင့် တခြားဒေသခံများ အပါအဝင် မျက်မြင်သက်သေ ဒါဇင်ပေါင်းများစွာနှင့် ရှင်ကျန်းရှိ တရုတ်လုပ်ရပ်များဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ၏ သက်သေထွက်ဆိုချက်ကို အခြေခံကာ ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်သည်။

မွတ်စလင်အများစုရှိသော ဝီဂါများအပေါ် တရုတ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို အဆုံးသတ်ရေးအတွက် ချက်ချင်းအရေးယူရန် နိုင်ငံပေါင်း ၂၀ မှ ဝီဂါအဖွဲ့များက ကမ္ဘာ့ခေါင်းဆောင်များကို တိုက်တွန်းခဲ့ကြသည်။ အမေရိကန်နှင့် အနောက်ပါလီမန်များစွာကလည်း တရုတ်လုပ်ရပ်များကို လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှုမြောက်ကြောင်း ကြေညာခဲ့သည်။

“စုံစမ်းစစ်ဆေးခြင်း ၊ စာမျက်နှာရာပေါင်းများစွာပါသော မှတ်တမ်းများကို ဖတ်ရှုခြင်းနှင့် မျက်မြင် သက်သေများထံမှ ကြားနားစစ်ဆေးခြင်းတို့ကို ၁၈ လကြာပြုလုပ်ပြီးနောက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၉ ရက်တွင် ဝီဂါခုံရုံးက အရှေ့တာကစ္စတန်တွင် တရုတ်ကျူးလွန်သောပြစ်မှုများကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် ကြေညာ ခဲ့သည်” ဟု ကမ္ဘာ့ဝီဂါကွန်ဂရက် ဥက္ကဋ္ဌ ဒိုလ်ကန်အီဆာက ပြောသည်။

“ဒီဇင်ဘာ ၉ ရက်နေ့ကို ဝီဂါလူမျိုးတုံးသတ်ဖြတ်မှုအသိအမှတ်ပြုတဲ့နေ့အဖြစ် သတ်မှတ်လိုက်ပြီးတော့ လက်ရှိဖြစ်ပျက်နေဆဲဖြစ်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုအပေါ် ကမ္ဘာ့နိုင်ငံတွေရဲ့ အာရုံစိုက်မှုကို ရချင်လို့ပါ။ အဲဒီနေ့ကို အမှတ်တရနေ့အဖြစ် ကျင်းပပြီး လူမျိုးတုံးသတ်ဖြတ်မှုကို ရပ်တန့်ပေးဖို့ နိုင်ငံတွေ၊ လူတွေနဲ့ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေကို တိုက်တွန်းချင်တာပါ” ဟု ဒိုလ်ကန်အီဆာက ဆိုသည်။

အမေရိကန် မေရီလန်းပြည်နယ်မှ အထက်လွှတ်တော်အမတ် ဘန်ကာဒင်က “ဝီဂါလူမျိုးတုံး သတ်ဖြတ်မှုအသိအမှတ်ပြုတဲ့နေ့မှာ ကျွန်တော်တို့ဟာ တရုတ်အစိုးရကျူးလွန်တဲ့ ဆိုးရွားတဲ့ လူ့အခွင့် အရေးချိုးဖောက်မှုတွေကို ဆက်လက်ထုတ်ဖော်ပြောဆိုရပါမယ်။ ဝီဂါတွေအပေါ် ရက်စက်တဲ့ လူမျိုးတုံး

သတ်ဖြတ်မှုကို ချက်ချင်းရပ်တန့်ဖို့နဲ့ ဘာသာရေးလွတ်လပ်ခွင့်ပေးဖို့ တရုတ်ကို တောင်းဆိုပါတယ်” ဟု တွစ်တာ၌ ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required