တရုတ်နှင့် နယ်စပ် ပစ်ခတ်မှုတွင် အသေအပျောက်နှင့် ပြင်းထန်ဒဏ်ရာရသူ မရှိကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီး ပြောကြား

တရုတ်နှင့် နယ်စပ် ပစ်ခတ်မှုတွင် အသေအပျောက်နှင့် ပြင်းထန်ဒဏ်ရာရသူ မရှိကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီး ပြောကြား

အိန္ဒိယ-တရုတ်နယ်စပ် အာရူနားချားလ်ပြည်နယ်ရှိ တာဝမ်ဒေသဘက်တွင် ဒီဇင်ဘာ ၉ ရက်က အိန္ဒိယပိုက်နက်ထဲသို့ ကျူးကျော်ဝင်ရောက်လာသော တရုတ်တပ်ဖွဲ့ဝင်များကို အိန္ဒိယစစ်တပ်က အချိန်မီ တားဆီးနိုင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီး ရာဂျ်နက်ဆင်းက ဒီဇင်ဘာ ၁၃ ရက်တွင် ပြောသည်။

အိန္ဒိယစစ်တပ်သည် နယ်မြေအတွင်း ကျူးကျော်လာသော တရုတ်တပ်သားများကို ဟန့်တားနိုင်ခဲ့ပြီး ၎င်းတို့စခန်းသို့ ပြန်ဆုတ်ခွာစေခဲ့ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးက အောက်လွှတ်တော်တွင် ပြောကြားခဲ့သည်။

“တရုတ်စစ်သားတွေဟာ ဒီဇင်ဘာ ၉ ရက်က တာဝမ်ဒေသရဲ့ ယန်ဆီဧရိယာမှာရှိတဲ့ နယ်စပ်ထိန်းချုပ်မျဉ်းကို ဖြတ်ကျော်ဖို့ ကြိုးစားခဲ့ကြပါတယ်။ တရုတ်ရဲ့ကြိုးပမ်းမှုကို ကျွန်တော်တို့ အိန္ဒိယစစ်သားတွေက ပြတ်ပြတ် သားသား ခုခံခဲ့ကြပါတယ်။ နှစ်ဖက် ထိပ်တိုက်တွေ့မှုကနေ ခိုက်ရန်ဖြစ်ပွားခဲ့ကြပါတယ်။ အိန္ဒိယစစ်တပ်က ကိုယ့်ရဲ့ပိုင်နက်ထဲ တရုတ်စစ်သားတွေ မဝင်လာနိုင်အောင် သတ္တိရှိရှိ တားဆီးနိုင်ခဲ့ပြီး သူတို့စခန်းဆီ ပြန်သွားအောင် တွန်းလှန်နိုင်ခဲ့ပါတယ်” ဟု ကာကွယ်ရေးဝန်ကြီး ရာဂျ်နက်ဆင်းက အောက်လွှတ်တော်တွင် တင်ပြခဲ့သည်။

တရုတ်နှင့်ရန်ပွဲပြဿနာကို သံတမန်နည်းလမ်းဖြင့် ဖြေရှင်းခဲ့ကြောင်းနှင့် အိန္ဒိယစစ်သားများ အသေအပျောက် မရှိခဲ့ဘဲ ပြင်းထန်ဒဏ်ရာလည်းမရခဲ့ကြောင်း ဝန်ကြီးက ပြောသည်။

အိန္ဒိယစစ်တပ်မှ တပ်မှူး၏ အချိန်မီ ကြားဝင်စေ့စပ်ပေးမှုကြောင့် တရုတ်စစ်သားများ ၎င်းတို့စခန်းများသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required