နိုင်ငံခြားငွေပြတ်လပ်မှုကြောင့်ပါကစ္စတန် ကရာချိဆိပ်ကမ်းတွင် ဟင်းသီးဟင်ရွက်ကုန်သေတ္တာ ၄၀၀ ကျော် သောင်တင်နေ

By Devdiscourse
13 December 2022
နိုင်ငံခြားငွေပြတ်လပ်မှုကြောင့်ပါကစ္စတန် ကရာချိဆိပ်ကမ်းတွင် ဟင်းသီးဟင်ရွက်ကုန်သေတ္တာ ၄၀၀ ကျော် သောင်တင်နေ

ပါကစ္စတန်တွင် နိုင်ငံခြားအရန်ငွေများ ရှားပါးပြတ်လပ်မှုနှင့် လက်ရှိ ဖြစ်ပျက်နေသော စီးပွားရေးအကျပ်အတည်းများကြောင့် ကရာချိမြို့ ဆိပ်ကမ်း၏ ဂိတ်အသီးသီးတွင် ပြည်တွင်းသို့ တင်သွင်းလာသည့် ဟင်းသီးဟင်းရွက် ကုန်သေတ္တာ ၄၀၀ ကျော် သောင်တင်ပိတ်မိနေကြောင်း ပါကစ္စတန် သစ်သီးနှင့်ဟင်းသီးဟင်းရွက် တင်ပို့သူများ၊ တင်သွင်းသူများနှင့် ကုန်သည်များအသင်း (PFVA) ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ Business Recorder သတင်းစာက ဒီဇင်ဘာ ၇ ရက်က ဖော်ပြသည်။

ပါကစ္စတန်၏ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းရန် တရုတ်၊ အီဂျစ်၊ ထိုင်း နှင့် အခြားသောနိုင်ငံများမှ တင်သွင်းလာသည့် ကြက်သွန်နီ၊ ဂျင်းနှင့် ကြက်သွန်ဖြူ ကုန်သေတ္တာများသည် ကရာချိ ဆိပ်ကမ်းသို့ ပြီးခဲ့သည့် ၃၊ ၄ ရက်ခန့်က ရောက်လာခဲ့ခြင်းဖြစ်ကြောင်း PFVA က ဖော်ပြသည်။

“နိုင်ငံခြားငွေ မရှိလို့ ကုန်သွယ်မှုဘဏ်တွေက စာရွက်စာတမ်းတွေ ထုတ်မပေးတဲ့အတွက် ကရာချိဆိပ်ကမ်းရဲ့ ဂိတ်အသီးသီးမှာ ကြက်သွန်နီ ကုန်သေတ္တာတွေ ပိတ်မိကြန့်ကြာနေဆဲ ဆိုတာကို ကျွန်တော်တို့ တင်ပြချင်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံခြားအရန်ငွေ မရှိခြင်းကြောင့် ကရာချိ ဆိပ်ကမ်းတွင် ကုန်သေတ္တာများ ဆက်လက် ပိတ်မိနေဆဲဖြစ်သည်။

စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၅ ဒသမ ၄ သန်း တန်ဖိုးရှိ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ဂျင်း ကုန်သေတ္တာ ၄၁၇ လုံးသည် ပါကစ္စတန်ဆိပ်ကမ်းများတွင် ရှိနေဆဲဖြစ်သည်။ ၎င်းတို့တွင် ဒေါ်လာ ၂ ဒသမ ၂ သန်းခန့် တန်ဖိုးရှိ

ကြက်သွန်နီ ကုန်သေတ္တာအလုံး ၂၅၀ ကျော်၊ ဒေါ်လာ ၈၁၆၄၈၀ ခန့် တန်ဖိုးရှိသည့် ဂျင်း ကုန်သေတ္တာ ၆၃ လုံးနှင့် ဒေါ်လာ ၂ ဒသမ ၅၃၃ သန်းခန့် တန်ဖိုးရှိ ကြက်သွန်ဖြူ ကုန်သေတ္တာ ၁၀၄ လုံးတို့ ပါဝင်ကြောင်း Business Recorder က ဖော်ပြသည်။

ဟင်းသီးဟင်းရွက်ကုန်သေတ္တာများအတွက် ခွင့်ပြုချက်ရရှိရန် အလွန်အမင်း နှောင့်နှေးကြန့်ကြာမှုများကြောင့် ဆိပ်ကမ်းခနှင့် သင်္ဘောကုန်ပို့ဆောင်ခများ အပါအဝင် ကုန်သေတ္တာများ၏ ကုန်ကျစရိတ်တန်ဖိုးများ နေ့စဉ်နှင့်အမျှ မြင့်တက်လိမ့်မည်ဟု PFVA က ပြောကြောင်း Business Recorder က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly