ပါကစ္စတန်တွင် အကြမ်းဖက်သမားများက ရဲများကို ပစ်မှတ်ထားတိုက်ခိုက်

ပါကစ္စတန်တွင် အကြမ်းဖက်သမားများက ရဲများကို ပစ်မှတ်ထားတိုက်ခိုက်

ပါကစ္စတန်နိုင်ငံ ခိုင်ဘာပက်ခ်တွန်ခဝါပြည်နယ် မာဒန်းတောင်တန်းအရပ်တွင် ရဲများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ အရှိန်မြင့်လာကြောင်း The News International က ဖော်ပြသည်။

မကြာသေးခင်က အာကိုရာ ခါတက်မြို့၌ ကင်းလှည့်ရဲကားတစ်စီး ပစ်မှတ်ထားတိုက်ခိုက်ခံရပြီး ရဲ ၃ ဦး သေဆုံးခဲ့သည်။ ထိုဖြစ်စဉ်မတိုင်မီကလည်း ချာဆက်ဒါနှင့် မာဒန်းတို့တွင် ရဲတပ်ဖွဲ့ဝင်များသည် ပစ်မှတ်ထားသတ်ဖြတ်မှုများ၏ သားကောင်ဖြစ်လာခဲ့သည်။

လက်ကီ မာဝတ်၊ တောင်ဝါဇီရစ္စတန်၊ မြောက်ဝါဇီရစ္စတန်နှင့် ခိုင်ဘာပက်ခ်တွန်ခဝါပြည်နယ်၏ အခြားသော တောင်ပိုင်းမြို့တချို့တွင် ရဲတပ်ဖွဲ့များ တိုက်ခိုက်ခံရသည့် ဖြစ်စဉ်များ ရှိခဲ့ကြောင်း The News International က ဖော်ပြသည်။ ပက်ရှာဝါနှင့် အနီးအနား ခိုင်ဘာခရိုင်တွင်လည်း ပြီးခဲ့သည့် လများ၌ အကြမ်းဖက်သမားများက တိုက်ခိုက်မှုအများအပြားကို လုပ်ဆောင်ခဲ့သည်။

ခိုင်ဘာပက်ခ်တွန်ခဝါပြည်နယ်တွင် ဩဂုတ် ၁၅ ရက်မှ နိုဝင်ဘာ ၂၅ ရက်အကြား အကြမ်းဖက်မှုနှင့် ဆက်နွှယ်သည့် ဖြစ်စဉ်များကြောင့် ရဲ ၂၆ ဦး၊ အခြားသော ဥပဒေစိုးမိုးရေးအဖွဲ့များမှ အဖွဲ့ဝင် ၁၂ ဦးနှင့် အရပ်သား ၁၇ ဦးတို့ သေဆုံးခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ထိုကာလအတွင်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ် ၁၁၈ ခု ဖြစ်ပွားခဲ့သည်။

တိုက်ခိုက်မှုများအတွင်း ဥပဒေစိုးမိုးရေး အဖွဲ့အစည်းများမှ အဖွဲ့ဝင် ၃၇ ဦး၊ ရဲ ၁၈ ဦးနှင့် အရပ်သား ၁၀ ဦးတို့ ထိခိုက်ဒဏ်ရာများ ရခဲ့သည်။

ခိုင်ဘာပက်ခ်တွန်ခဝါတွင် ၂၀၂၁ ခုနှစ်က အလားတူကာလ၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုလုပ်ရပ် ၁၀၂ ခုရှိခဲ့ပြီး ဥပဒေစိုးမိုးရေးအဖွဲ့အစည်းများမှ အဖွဲ့ဝင် ၂၃ ဦး၊ အရပ်သား ၄ ဦး နှင့် ရဲ ၄ ဦးတို့ သေဆုံးခဲ့သည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောကြောင်း The News International က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly