တိုင်းပြည်မီးလင်းဖို့တောင် အနိုင်နိုင်ဖြစ်နေတဲ့ စစ်ကောင်စီ (ဆောင်းပါး)

By (ဓားရိုင်း) 
13 December 2022
တိုင်းပြည်မီးလင်းဖို့တောင် အနိုင်နိုင်ဖြစ်နေတဲ့ စစ်ကောင်စီ (ဆောင်းပါး)
Photo - Google

ဒီဇင်ဘာလ ၁၃ ရက်

မြန်မာပြည်မှာနေ့ချင်းညချင်း လျှပ်စစ်ကားတွေပဲ ပြေးတော့မလိုပြောနေတဲ့ စစ်ကောင်စီဟာ တိုင်းပြည်မီးလင်း ဖို့တောင် အနိုင်နိုင်ဖြစ်နေပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေး ရှင်းရုံး(YESC)ဆိုရင် အသိပေးပန်ကြားစာတွေနဲ့ပဲ တစ်ချိန်လုံး အလုပ်ရှုပ်နေရပါတယ်။ YESC ရဲ့နောက်ဆုံးထုတ် ပြန်ချက်မှာတော့ ရေအားလျှပ်စစ်စက်ရုံတွေက ဓာတ်အားထုတ်လုပ်နိုင်မှုလျော့နည်းလာတာ၊ သဘာဝဓာတ်ငွေ့ သုံး လျှပ်စစ်စက်ရုံတချို့ ပြင်ဆင်ထိန်းသိမ်းမှုပြုလုပ်နေရတာ၊ နွေရာသီကာလ ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေး နိုင်ဖို့ ရေလှောင်တမံတွေရှိ သိုလှောင်ဆည်ရေကို မျှတထိန်းညှိ မောင်းနှင်နေရလို့ လျှပ်စစ်ဓာတ်အားထုတ်လုပ် နိုင်မှု မလုံလောက်ဘဲ အလှည့်ကျ ဝန်အားလျှော့ချ ဓာတ်အားဖြန့်ဖြူးပေးနေရတယ်လို့ ဆိုထားတာတွေ့ရပါ တယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းက ၁၆ မြို့နယ်ဖြစ်တဲ့ ရန်ကင်း၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ၊ တာမွေ၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဒဂုံ၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်၊ ဗဟန်းမြို့နယ်တွေကို ဦးစားပေးအဆင့် (က) သတ်မှတ်ထားပြီး အလှည့်ကျမီးပေးသွားမယ်လို့လည်း ဆိုထားပါတယ်။ အဲဒီဦးစားပေးမြို့နယ်တွေမှာ အုပ်စု အေ၊ ဘီ ထပ်ခွဲထားပြီး မနက် ၉ နာရီကနေ ညနေ ၄ နာရီ အထိ အလှည့်ကျ လျှပ်စစ်မီးပေးသွားမှာဖြစ်ပြီး ညနေ ၄ နာရီကနေ နောက်တစ်နေ့ မနက် ၉ နာရီအထိ ကိုတော့ လျှပ်စစ်မီး အပြည့်အဝ ပေးသွားမယ်လို့ဆိုထားပါတယ်။ ဒါ့အပြင် တောင်ဥက္ကလာပမြို့နယ်ရှိ စက်မှုဇုန်ကိုလည်း မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိသာ ဓာတ်အားပေးသွားမှာဖြစ်ပြီး ဦးစားပေး (က) အဆင့်မှာပါတဲ့ မြို့နယ် (၁၆) မြို့နယ်အတွင်းက ဆေးရုံတွေ နဲ့ အရေးကြီးဌာနဆိုင်ရာတွေမှာတော့ ၂၄ နာရီအပြည့် လျှပ်စစ်မီးပေးသွား မယ်လို့လည်းဖော်ပြထားပါတယ်။ ဒါပေမဲ့ အဲဒီဦးစားပေးမြို့နယ်တွေထဲမှာကိုပဲ တချို့ရက်တွေဆိုရင် မီးလာချိန် မမှန်တဲ့အပြင် ပြောထားတဲ့နာရီချိန်အတိုင်း မီးအပြည့်မရတဲ့ မြို့နယ်တွေတောင်ရှိနေတာဖြစ်ပါတယ်။ အခုလို ဆောင်းရာသီမျိုးမှာတောင် တိုင်းပြည်ကို အလှည့်ကျစနစ်နဲ့ မီးလင်းဖို့လုပ်နေရတဲ့ စစ်ကောင်စီအနေနဲ့ နွေရာသီမှာ ဆိုရင် ဘယ်လောက်တောင် အခြေအနေဆိုးမလဲဆိုတာ မတွေးဝံ့စရာပါ။ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း စီးပွားရေးမြို့တော်အဖြစ်သတ်မှတ်ထားတဲ့ ရန်ကုန်မြို့အပါအဝင် တိုင်းနဲ့ပြည်နယ်တွေမှာလည်း လျှပ်စစ်မီး ပြတ်တောက်မှုတွေ ပိုဆိုးလာတာဖြစ်ပါတယ်။ အခုလို မီးလာချိန် မမှန်ပေမဲ့ ပြည်သူတွေဆီက မီတာခ ရရှိရေး ကိုတော့ စစ်ကောင်စီက လက်လွတ်မခံပဲ အစွမ်းကုန်ကြိုးစားနေတာတွေ့ရပါတယ်။ နည်းမျိုးစုံသုံးပြီး ပြည်သူတွေ ဆီကနေ မီတာခကို ခြိမ်းခြောက်တောင်းခံနေပေမဲ့ မီးကြတော့ အချိန်မှန်မပေးနိုင်တာဟာ အတော်ရယ်စရာတော့ ကောင်းပါတယ်။ တချို့ရပ်ကွက်တွေမှာဆိုရင် လာချင်သလိုလာနေတဲ့ လျှပ်စစ်မီး စီးဆင်းမှုတွေကြောင့်ဝါယာရှော့ ဖြစ်ပြီး မီးလောင်ရတာလည်း အကြိမ်ရေ မနည်းတော့ပါဘူး။ ရန်ကုန်မြို့ပြလို နေရာမျိုးမှာ မီးလာချိန်ဟာ တစ်ရက်ကို နှစ်ကြိမ်နှုန်းနဲ့သာရနေပြီး တစ်ကြိမ်ကို ၄ နာရီလောက်သာ ရရှိနေတာဖြစ်ပါတယ်။ အဲဒီ မီးလာချိန် တောင် ပုံမှန်ရှိတာမျိုး မဟုတ်ပါဘူး။ မကြာခင်က လျှပ်စစ်ကားတွေထုတ်တော့မယ်လို့ပြောထားတဲ့ စစ်ကောင်စီ ခေါင်းဆောင်တောင် အခုဆိုရင် လျှပ်စစ်မီးနဲ့ ရေကို ချွေတာသုံးဖို့ ပြောလာသလို စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်ကလည်း လျှပ်စစ်ဓာတ်အား လိုအပ်ချက် ပြည့်မီအောင် မပေးနိုင်သေးတဲ့အတွက် အချိန်ပိုင်းသာ ပေးဝေနိုင်မယ့်အကြောင်းပြောထားပါတယ်။ ဒါကိုကြည့် မယ်ဆိုရင် စစ်ကောင်စီအနေနဲ့ သူတို့လက်ထက်မှာ ပြည်ပအကြွေးတွေဆပ်ပြီး တိုင်းပြည်ကြီး ပြန်လည်တိုးတက် နေပါပြီလို့ ဘယ်လောက်ပြောပြော လက်တွေ့မှာတော့ တိုင်းပြည် ပုံမှန်မီးလင်းဖို့တောင် အဖြစ်ရှိအောင်မလုပ်နိုင် ဘူးဆိုတာပေါ်လွင်နေပါတယ်။ 

တစ်ချိန်က မြန်မာနိုင်ငံရဲ့ ဒုတိယမြို့တော်အဖြစ်သတ်မှတ်ခံထားရတဲ့ မန္တလေးမှာဆိုရင်လည်း မီးပျက်ချိန်တွေ များလာတာကြောင့် အသေးစားလုပ်ငန်းတွေ ရပ်နားလာရတာတွေ့နေရပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလကုန်ပိုင်း စပြီး မီးပျက်ချိန်ပိုများလာတဲ့အပြင် တစ်ကြိမ်ပျက်ရင် အနည်းဆုံး ၆ နာရီလောက်ကြာမြင့်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ လက်ရှိမှာ ကိုဗစ်ကပ်ရောဂါအပြင် အာဏာသိမ်းမှုနောက်ဆက်တွဲ ပြဿနာတွေကြောင့် အထိနာ ခဲ့ရတဲ့ အသေးစား၊ အလတ်စား (SME) လုပ်ငန်းတွေဟာ အခက်အခဲမျိုးစုံ ကြုံတွေ့နေရပြီး ရပ်တည်ဖို့ ခက်ခဲလာ တာတွေ့ရတယ်လို့လည်း မန္တလေးက စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ကဆိုထားပါတယ်။ SMEလုပ်ငန်းရှင်တွေ အနေနဲ့ လျှပ်စစ်မီးအပြင် ကုန်ကြမ်းပစ္စည်းတွေ ဈေးနှုန်းမြင့်တက်တာ၊ လိုသလောက်ဝယ်မရတာ၊ဒေါ်လာဈေးနှုန်း မတည်ငြိမ်တာနဲ့ စက်သုံးဆီဈေးနှုန်းတွေတက်လာတာကြောင့် လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နိုင်ဖို့ အခက်အခဲ ကြုံတွေ့လာရတာလည်းဖြစ်ပါတယ်။ မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိစက်မှုဇုန်နှစ်ခုမှာစက်မှုလုပ်ငန်းအများဆုံး ရှိတာဖြစ်ပြီး အကြီးစား စက်မှုလုပ်ငန်း ၃၉၂ ခု၊ အလတ်စား စက်မှုလုပ်ငန်း ၃၀၄ ခုနဲ့ အသေးစား စက်မှုလုပ်ငန်း ၅၉၆ ခုရှိနေတာဖြစ်ပါတယ်။ အဲဒီစက်မှုဇုန်တွေဟာ စားသောက်ရေး၊ ဝတ်ဆင်ရေး၊ နေထိုင်ရေး၊ လူသုံးကုန် ပစ္စည်းတွေ၊ အိမ်သုံးကုန်ပစ္စည်း၊ စက္ကူထုတ်လုပ်ရေး၊ သံရည်ကြိုကုန်ကြမ်းပစ္စည်း၊ ပုံနှိပ်လုပ်ငန်းနဲ့ စာအုပ်ချုပ် လုပ်ငန်း၊ စိုက်ပျိုးရေးကိရိယာ၊ စက်မှုနဲ့ စက်ပစ္စည်းကိရိယာ၊ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်ပစ္စည်း၊ အထွေထွေ စက်မှုလုပ်ငန်းဆိုပြီး လုပ်ငန်းအုပ်စု အမျိုးအစား ၁၃ ခုနဲ့ လည်ပတ်နေတာဖြစ်ပါတယ်။ အဲဒီစက်မှု လုပ်ငန်းတွေ အနက် အသေးစား၊ အလတ်စား စက်မှုလက်မှု လုပ်ငန်းတွေမှာ မိသားစု တစ်နိုင်တစ်ပိုင်လုပ်ငန်းတွေလည်းပါဝင် နေပြီး လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် အဲဒီလုပ်ငန်းတွေရဲ့ ၁၀ ပုံ ၃ ပုံလောက်မှာ ရပ်နားထားရတယ်လို့ သိရပါ တယ်။ အဲဒီအကျိုးဆက်အနေနဲ့ လုပ်သားအများစုမှာ ကျပန်း အလုပ်လုပ်နေကြရသူတွေရှိသလို ပြည်ပနိုင်ငံတွေ ကို သွားရောက်လုပ်ကိုင်တာတွေလည်းရှိလာတာကြောင့် SME လုပ်ငန်းတွေမှာ လုပ်သားရှားပါးမှုကိုပါ ရင်ဆိုင်နေ ရပါတယ်။ စစ်ကောင်စီရဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန စာရင်းတွေအရ ရန်ကုန်မြို့က ၁၄၀၀ မဂ္ဂါဝပ်ကျော်နဲ့ အများဆုံး လျှပ်စစ်မီး သုံးစွဲနေပြီး မန္တလေးမြို့က ၆၀၀ မဂ္ဂါဝပ်ကျော်၊ နေပြည်တော်က ၁၄၆ မဂ္ဂါဝပ် သုံးစွဲနေတယ် လို့သိရပါတယ်။ မြန်မာ့လျှပ်စစ်ကဏ္ဍဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဆုတ်ယုတ်သွားတဲ့ လုပ်ငန်းကဏ္ဍ တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်တဲ့ အစိုးရဝန်ထမ်းပေါင်း ရာနဲ့ ချီရှိခဲ့တဲ့ ဌာနလည်း ဖြစ်ပါတယ်။ လျှပ်စစ်မီးထုတ်လုပ်ဖြန့်ဖြူးရေး အပါအဝင် အခြေခံအဆောက်အအုံများစွာ လိုအပ်ချက်ရှိတဲ့ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းက တိုးတက်မှုလမ်းစတွေရှိခဲ့ပေမယ့် စစ်အာဏာသိမ်းမှုအောက်မှာ အားလုံး ပြန်လည် ဆုတ်ယုတ်သွားခဲ့ရတာဖြစ်ပါတယ်။  

နိုင်ငံရဲ့အဓိကလိုအပ်ချက်အဖြစ်ရှိနေတဲ့ လျှပ်စစ်ဓာတ်အား တိုးပြီးထုတ်လုပ်နိုင်ဖို့ကို NLD အစိုးရလက်ထက်မှာ တင်ဒါခေါ်ယူခဲ့ပြီး တရုတ်ကုမ္ပဏီအများစု တင်ဒါအောင်မြင်ခဲ့တဲ့ နေရောင်ခြည်စွမ်းအင်ကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး ဆိုလာစီမံကိန်းတွေဟာလည်း စစ်အာဏာသိမ်းပြီးနောက် စီမံကိန်းတွေ ရပ်ဆိုင်းထားရတာဖြစ်ပါ တယ်။ စီမံကိန်း စတင်လည်ပတ်နေပြီး သဘာဝဓာတ်ငွေ့ရည် LNG ကနေ လျှပ်စစ်ဓာတ်အားထုတ်လုပ်တဲ့ ရန်ကုန်မြို့ရှိ သီလဝါနဲ့ သာကေတက ဟောင်ကောင်ကုမ္ပဏီ VPower ရဲ့လျှပ်စစ်ဓာတ်အား စီမံကိန်းတွေမှာလည်း နိုင်ငံခြားကတင်သွင်းရမယ့် LNG ဈေးနှုန်းနဲ့ ဈေးကွက်တွက်ခြေ မကိုက်တာကြောင့် လုပ်ငန်းတွေ ရပ်နားထားရ ပါတယ်။ NLDအစိုးရလက်ထက် ၂၀၂၀ ခုနှစ်အတွင်း ထုတ်ပြန်ချက်အရ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုမှာ ရေအားလျှပ်စစ်ကနေ ၃၂ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့ကနေ ၂၀ ရာခိုင်နှုန်းအထိရှိကာ ကျောက်မီးသွေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နဲ့ တခြားထုတ်လုပ်မှုတွေကနေ ၅၀ ရာခိုင်နှုန်းထုတ်လုပ်နေပြီး မြန်မာ့လူဦးရေရဲ့ ၅၄ ရာခိုင်နှုန်းကိုသာ လျှပ်စစ်မီးပေးထားနိုင်တယ်လို့ ဆိုထားပါတယ်။ အဲဒီအတွက် လျှပ်စစ်မီးမရရှိသေးတဲ့ မြို့နယ်၊ ကျေးရွာအလိုက် လျှပ်စစ်မီးလင်းရေး ကော်မတီတွေ ဖွဲ့စည်းပြီး မီးရရှိရေးဆောင်ရွက်ခဲ့ပေမယ့် စစ်တပ်က အာဏာသိမ်းလိုက်ချိန်မှာတော့ အဲဒီလုပ်ငန်းတွေအားလုံးလည်း ပျက်စီးသွားခဲ့ရတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လျှပ်စစ်မီးကို ရေအားနဲ့ သဘာဝဓာတ်ငွေ့ကနေ အဓိကထုတ်ယူနေတာဖြစ်ပြီး လက်ရှိမှာ ပြည်တွင်း သဘာဝ ဓာတ်ငွေ့ မလုံလောက်တော့သလို ပြည်ပကနေ သဘာဝဓာတ်ငွေ့ရည် LNG တင်သွင်းပြီ လိုအပ်ချက်ပြည့်မီစေဖို့ ထုတ်လုပ်တဲ့ စီမံကိန်းတွေလည်း ရပ်ဆိုင်းထားရတာပါ။ ဒါ့အပြင် ဆိုလာပါဝါ စီမံကိန်းတွေမှာလည်း ရှေ့မဆက် နိုင်တော့တာကြောင့် စစ်ကောင်စီရဲ့ လျှပ်စစ်မီးထုတ်လုပ်မှုမှာ တဖြည်းဖြည်းလျော့ကျလာနေတာလည်းဖြစ်ပါ တယ်။ စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးသောင်းဟန်ကတော့ နေပြည်တော် ကောင်စီ နယ်မြေအတွင်း အသေးစားရေအားလျှပ်စစ်နဲ့ တခြား ဓာတ်အားပေးစက်ရုံတွေတည်ဆောက်ဖို့ စီစဉ်နေတယ်လို့ ပြောထားပါတယ်။ လက်ရှိမှာ ပေါင်းလောင်းရေလွှဲဆည်နဲ့ အောက်ဘက်နေရာနှစ်ခုမှာလည်း အသေးစား ရေအား လျှပ်စစ်စက်ရုံတည်ဆောက်ဖို့နဲ့ ပေါင်းလောင်းချောင်းရဲ့ အရှေ့ဘက်ခြမ်းမှာ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အား ပေးစက်ရုံနဲ့ တခြားလျှပ်စစ်ဓာတ်အားပေးစက်ရုံတွေတည်ဆောက်ဖို့နေရာရွေးချယ်တာတွေလုပ်နေတယ်လို့လည်း ဆိုထားပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ ၁၉၉၀ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ ပြုစုထားတဲ့ မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဆိုင်ရာ အချက်အလက်တွေအရတော့ အာဆီယံဒေသတွင်းနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာလျှပ်စစ်ဓာတ်အားပေးဝေတာနဲ့ လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှု မြင့်မားတဲ့ နိုင်ငံတစ်ခုအဖြစ် ပါဝင်နေပါတယ်။ တိုင်းပြည်အတွက် လျှပ်စစ်မီး တောင် မှန်အောင်မလုပ်ပေးနိုင်ပဲ သမ္မတဖြစ်ချင်နေတဲ့အာဏာသိမ်း စစ်ခေါင်းဆောင်တစ်ယောက် လျှပ်စစ်ကား ကြီးစီးပြီး ရွေးကောက်ပွဲသွားနိုင်မလားဆိုတာကတော့ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly